အီရန်တွင် ဆန္ဒပြပွဲအတွင်း သေဆုံးသူအလောင်းများကို ငွေပေးမှသာ ထုတ်ယူခွင့်ရဟုဆို

အီရန်ဆန္ဒပြပွဲများအတွင်း သေဆုံးသူများ၏ရုပ်အလောင်းများကို သင်္ဂြိုဟ်ရေးအတွက် မိသားစုများက အလောင်းထုတ်ယူရာတွင် အာဏာပိုင်များက ငွေအမြောက်အမြား တောင်းခံနေကြောင်းသေဆုံးသူများ၏ မိသားစုဝင်များက ပြောသည်။
ရုပ်အလောင်းများကို ရင်ခွဲရုံများနှင့် ဆေးရုံများတွင် သိမ်းဆည်းထားပြီး မိသားစု၊ ဆွေမျိုးများကငွေမပေးမချင်း လုံခြုံရေးတပ်ဖွဲ့များ အလောင်းများကိုထုတ်ယူခွင့်မပေးကြောင်း သတင်းရင်းမြစ်များကပြောသည်။
နိုင်ငံတစ်ဝန်းတွင် နှစ်ပတ်ကျော်ကြာဆန္ဒပြပွဲများအတွင်း အနည်းဆုံး လူ ၂၄၃၅ ယောက်သေဆုံးခဲ့သည်။လုံခြုံရေးတပ်ဖွဲ့များသည် ရုပ်အလောင်းထုတ်ယူရေးအတွက် ဒေါ်လာ ၅၀၀၀ တောင်းခံခဲ့ကြောင်း ရာရှက်မြို့မှ မိသားစုတစ်စုက ပြောသည်။
၎င်းတို့၏ ဆွေမျိုး အလောင်းကို ပိုဆီနာဆေးရုံရေခဲတိုက်တွင် အခြားအလောင်း ၇၀ နှင့်အတူထားရှိ
သည်ဟု ဆိုသည်။တစ်ချိန်တည်းမှာပင် တီဟီရန်တွင် ဆောက်လုပ်ရေးလုပ်သားတစ်ဦး၏ မိသားစုသည် ၎င်း၏ရုပ်အလောင်းကို ထုတ်ယူရာတွင် ဒေါ်လာ ၅၂၀၀ပေးမှရမည်ဟု အာဏာပိုင်များက တောင်းဆိုခဲ့ခြင်းကြောင့် ငွေကြေးမတတ်နိုင်သည့် မိသားစုသည် ရုပ်အလောင်းထုတ်ယူနိုင်ခြင်းမရှိခဲ့ဟုဆိုသည်။
အချို့ဒေသများတွင်မူ ဆေးရုံဝန်ထမ်းများကသေဆုံးသူများ၏ ဆွေမျိုးများကို ဖုန်းဆက်ပြီး လုံခြုံရေး တပ်ဖွဲ့များက ငွေညှစ်မယူမီ ရုပ်အလောင်းများကိုလာရောက်ထုတ်ယူရန် ကြိုတင်သတိပေးမှုများရှိခဲ့သည်။
အီရန်ငွေကြေးတန်ဖိုး သိသိသာသာ ကျဆင်းပြီးနောက် ဒီဇင်ဘာလ ၂၉ရက်တွင် မြို့တော် တီဟီရန်၌ စတင်ခဲ့သည့် ဆန္ဒပြမှုများသည် အခြားမြို့ကြီးများစွာကို ပျံ့နှံ့သွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက
အကြမ်းဖက် နှိမ်နင်းမှုများ စတင်ခဲ့သည်။

image