ဂမ်ဘီယာ၏စွပ်စွဲချက် မှန်ကန်မှုမရှိဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်ပြော
--------------------------------------------

မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မွတ်ဆလင်တွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခဲ့ပြီး သူနို့ရဲ့ တည်ရှိမှုနဲ့ မြန်မာနိုင်ငံမှာနေထိုင်ခွင့်ကို အသိအမှတ်မပြုဘူးဆိုတဲ့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်ဟာ မှန်ကန်မှုမရှိဘူးလို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောပါတယ်။
ဇန်နဝါရီ၁၆ရက်က နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာပြုလုပ်တဲ့ကြားနားပွဲ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က အခုလိုပြောကြားလိုက်တာပါ။
ဂမ်ဘီယာကတင်သွင်းတဲ့ အချက်အလက်တွေနဲ့ စုံစမ်းရှာဖွေမှုတွေဟာ သာမန်အချက်အလက်တွေသာဖြစ်ပြီး ဘက်လိုက်မှုရှိကြောင်းကို မြန်မာဥပဒေအဖွဲ့က တင်ပြသွားမှာဖြစ်တယ်လို့ ဆိုပါ‌တယ်။
ဂမ်ဘီယာဟာ အချက်အလက်ရှာဖွေရေးအဖွဲ့(FFM)ရဲ့ ၂၀၁၈ခုနှစ်က ကောက်ချက်တွေအပေါ် အခြေခံပြီး ဒီအမှုကိုတင်သွင်းခဲ့တာဖြစ်သလို ယုံကြည်စိတ်ချရမှုမရှိတဲ့အပြင် ဘက်လိုက်မှုရှိတဲ့ အရင်းအမြစ်ကိုသာ ဆက်လက်ကိုးကားနေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဂမ်ဘီယာဟာ တရားရုံးရှေ့မှောက်မှာ ရိုးသားဖြောင့်မတ်စွာ လိုက်နာရမဲ့တာဝန်ကိုပစ်ပယ်ပြီး သတင်းအရင်းအမြစ်တွေက အချက်အလက်တွေကို လိုအပ်သလိုပြင်ဆင်တာ၊ ရှေ့နေတွေနဲ့ သက်သေတွေကို အတူတကွထားရှိပြီး ကိုယ်စားလှယ်အဖွဲ့ထဲမှာ NGOsအဖွဲ့ဝင်တွေ ပါဝင်နေတာ စတဲ့အချက်တွေဟာ တရားစီရင်ရေးလုပ်ငန်းစဉ်ရဲ့ ဂုဏ်သိက္ခာကို အထောက်အကူမပြုနိုင်တဲ့အပြင် ဂမ်ဘီယာဘက်ကတင်ပြလာတဲ့ အထောက်အထားတွေရဲ့ ခိုင်မာမှုကို ကြီးစွာသံသယဖြစ်စေတယ်လို့လည်း ဆိုပါတယ်။
လက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နေထိုင်သူတွေကို အောင်မြင်စွာ ပြန်လည်လက်ခံနိုင်ရေးအတွက် သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို ရှင်းလင်းစွာ ပြောကြားလိုတယ်လို့လည်း ဦးကိုကိုလှိုင်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အချက်အလက်စုဆောင်းရေးအဖွဲ့(FFM)နဲ့ မြန်မာနိုင်ငံအတွက်လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)တို့ရဲ့ ဘက်လိုက်မှုကို လက်မခံသလို ဂမ်ဘီယာကအသုံးပြုတဲ့အချက်အလက်တွေရဲ့ တိကျမှုနဲ့ ယုံကြည်စိတ်ချမှုကိုလည်း လက်မခံဘူးလို့ ဦးကိုကိုလှိုင်က ပြောကြားခဲ့ပါတယ်။
ICJမှာ မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီ၁၆ရက်ကနေ ၂၀ရက်အထိတစ်ကြိမ်၊ ဇန်နဝါရီ၂၈ရက်ကနေ ၂၉ရက်အထိတစ်ကြိမ် လျှောက်လဲရမှာဖြစ်တယ်လို့ သိရပါတယ်။

image