သီပေါကနေ ပျားလိမ္မော် တင်ပို့မယ်ဆိုရင် စိုက်ပျိုးရေးနဲ့ ထွေအုပ်ထောက်ခံချက်ပါမှ သယ်ယူခွင့်ရရှိ
ရှမ်းပြည်နယ် မြောက်ပိုင်း ၊သီပေါဒေသထွက် ပျားလိမ္မော်တွေကို ရန်ကုန် အပါအဝင် အခြားဒေသအစုံကို တင်ပို့တဲ့အခါ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ စိုက်ပျိုးရေးဦးစီးဌာနတွေကနေ ခွင့်ပြုချက် ရရှိမှသာ တင်ပို့ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပျားလိမ္မော် တင်ပို့ခွင့်အတွက် တင်ပို့မယ့် နေရာဒေသ ၊ တင်ပို့မယ့် ပျားလိမ္မော် ဂျပ်ဖာအရေအတွက် ၊ ယာဥ်မောင်းအမည်တွေကို တပါတည်း တင်ပြရပြီး အဲဒီတင်ပြချက်အပေါ်ကိုမှ စိုက်ပျိုးရေးဦးစီးဌာနနဲ့ ထွေအုပ်ရုံးက ထောက်ခံချက် ထုတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ် ။
အဆိုပါဌာနတွေရဲ့ ထောက်ခံချက် ရရှိမှသာ ပျားလိမ္မော်ကို တင်ပို့ခွင့်ရရှိတာဖြစ်ပြီး ထောက်ခံချက်မပါပါက တင်ပို့ခွင့် မပြုကြောင်း သီပေါမြို့နယ်ကနေ ရန်ကုန်ကို ပျားလိမ္မော်တင်ပို့ဖို့အတွက် ထောက်ခံချက် ရရယူခဲ့ရသူက ပြောပါတယ်။
" အရင်က မရှိဘူး ။ အခုမှ ခွင့်ပြုချက်တောင်းရတာပါ။ စိုက်ပျိုးရေးကိုအရင်တင်ပြီးမှ ထွေအုပ်ရုံးတင်ရတယ်။ ထောက်ခံချက် ယူရတာတော့ မြန်ပါတယ်။ သွားမယ့်ဒေသအလိုက်နဲ့ သယ်မယ့်ဂျပ်ဖာ အရေအတွက် တင်ပြရပါတယ်။ ။ တရုတ်ကုန်တွေ ထင်မှာစိုးလို့ ထောက်ခံစာလုပ်ရတာပါ။ ထောက်ခံစာမပါရင်တော့ ပေးမသွားဘူး ။ " လို့ သူက ပြောပါတယ်။
အခုလို ထောက်ခံစာ ယူရတဲ့ အကြောင်းအရင်းကတော့ တရုတ်ကနေ လိမ္မော်သီးတွေ တရားမဝင် ဝင်ရောက်မှုကို တားဆီးလိုတာကြောင့် ဖြစ်တယ်လို့ သူက ဆိုပါတယ်။
" ကားခလည်းသက်သာတယ်။ လမ်းပိုင်းလည်းသွားလို့ အဆင်ပြေတယ် ။ အခုက တရုတ်ကုန် လိမ္မော်သီး နဲ့ မှားမှာစိုးလို့ပါ ။ထောက်ခံချက်ပေးတာပါ။ တရုတ်ကုန်က ပေးမဝင်ဘူးလေ။ တရုတ်ကုန်ကအခွန်မဆောင်ရဘူး။ ခိုးလမ်းသွားရတော့ သူတို့က ကားခပိုများတယ်။ ဒေသထွက်ကတော့ ကားခနည်းပါတယ်။ " လို့ သူကထပ်မံ ပြောပါတယ် ။
သီပေါဒေသထွက် ပျားလိမ္မော်သီးတွေကို ရန်ကုန် ၊ မန္တလေး ကိုသာအဓိက တင်ပို့ရောင်းချနေကြရပြီး ကျန်ဒေသတွေကတော့ တင်ပို့မှု နည်းတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တရုတ်ကနေ လိမ္မော်သီး တင်သွင်းခွင့် ပိတ်ထားတဲ့အတွက် ပျားလိမ္မော်စျေးကွက်ကောင်းနေပြီး ၂၀ ကီလိုရှိတဲ့ ဂျပ်ဖာတဖာကို ၁ သိန်းကျပ်လောက် ရောင်းချနေရတယ်လို့ သိရပါတယ်။
ပြည်တွင်း သစ်သီး လက်လီစျေးကွက်မှာတော့ ပျားလိမ္မော် တကီလိုကို ၁၂၀၀၀ မှ ၁၅၀၀၀ ကျပ်အထိ စျေးပေါက်နေတယ်လို့ သိရပါတယ်။