ICJ အမှုတွင် မြန်မာနိုင်ငံဂုဏ်သိက္ခာအတွက် ကြိုးစားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြော
--------------------------------

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုခံထားရတဲ့ အမှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ဂုဏ်သိက္ခာအတွက် အစွမ်းကုန် ကြိုးစားသွားမယ်လို့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ ICJ မှာ မြန်မာနိုင်ငံဘက်က လျှောက်လဲတင်ပြဖို့ ရောက်ရှိနေတဲ့ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က ဇန်နဝါရီ ၁၅ ရက်မှာ ရုပ်သံဗီဒီယိုကတစ်ဆင့် ပြောကြားခဲ့တာပါ။
ဂမ်ဘီယာနိုင်ငံဘက်ကတော့ လျှောက်လဲချက်တွေကို နေ့စဉ်နဲ့ အမျှ အသေးစိတ်ပြုစု လျှောက်လဲခဲ့ပြီး မိမိတို့အပေါ် စွပ် စွဲထားတဲ့ လူမျိုးသုဉ်းစေမှုမြောက်အောင် ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ မရရအောင် ရှာဖွေပြီး လျှောက်လဲသွား တာတွေ့ရတယ်လို့ ဆိုပါတယ်။
တရားရင်ဆိုင်ရာမှာ နှစ်ဖက်အားပြိုင်ကြကာ သူ့ဘက် ကိုယ့်ဘက် အနိုင်ရစေမဲ့ အချက်တွေကို ရှာဖွေကြိုးစားဖော်ထုတ် ကြသလို မိမိဘက်က အားနည်းချက်တွေကိုလည်း ရအောင် ကာကွယ်ကြတာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုပဲ ဖြစ်စေ အကောင်းဆုံး ဖြစ်စေရေးအတွက် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်တယ်လို့ လည်းပြည်ထောင်စု ဝန်ကြီးက ပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့တရားခွင်မှာ တရားရင်ဆိုင်နေတာ ဖြစ်လို့ ပြည်သူလူထုရဲ့ထောက်ခံ အားပေးမှုနဲ့ ဆက်လက် ရပ်တည်ပြီး ရင်ဆိုင်နေရတာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြောပါတယ်။
ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်လို့ တရားရုံး ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်ကနေ ၂၉ ရက်ထိ ပြုလုပ်နေ တာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဇန်နဝါရီ ၁၆ ရက်ကနေ ၂၀ ရက်အထိ နဲ့ ဇန်နဝါရီ ၂၈ ရက်ကနေ ၂၉ ရက်ထိ နှစ်ကြိမ် လျှောက်လဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

image