ပြည်သူ့လွှတ်တော်(၅၂)နေရာတွင် ပြည်ခိုင်ဖြိုးပါတီ (၄၄)နေရာ အနိုင်ရ
---------------------------------------------
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) မှာ ပါဝင်တဲ့ မြို့နယ် (၅၂) မြို့နယ်က ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ အမည်စာရင်းတွေကို ကြေညာခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၄၄) ယောက်နဲ့ အများဆုံး ရွေးကောက် တင်မြှောက်ခံရတယ်လို့ ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။
သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲတွေက ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၉ (ခ) နဲ့အညီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရွေးကောက်တင်မြှောက်ခံရသူတွေ ဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီလို ထုတ်ပြန်ခဲ့ရာမှာ ကချင် ပြည်နယ်မှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၃) နေရာမှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် (၂)နေရာနဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီက ကိုယ်စားလှယ် တစ်နေရာ ရွေးကောက် တင်မြှောက်ခံရပါတယ်။
ဒါ့အပြင်ကယားပြည်နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၄) နေရာမှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် (၃)နေရာ နဲ့ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် တစ်နေရာ ရွေးကောက်တင် မြှောက်ခံရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ၊ တနင်္သာရီ တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နဲ့ မန္တလေးတိုင်းဒေသကြီးတွေရဲ့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၃၀)လုံးမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ်တွေက ရွေး ကောက်တင်မြှောက်ခံရတယ်လို့လည်း ကြေညာချက်အရ သိရပါတယ်။
မကွေးတိုင်းဒေသကြီး ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် (၁၀) နေရာမှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၈) နေရာ နဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ်နှစ်နေရာ ရွေးကောက်တင်မြှောက်ခံရတယ်လို့ ကြေညာချက်မှာ ဖော်ပြပါရှိပါတယ်။
အဲဒိအပြင်မွန်ပြည်နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၅) နေရာမှာတော့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် လေးနေရာ နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် တစ်နေရာ ရွေးကောက်တင်မြှောက်ခံရတယ်လို့ ကြေညာချက်အရ သိရပါတယ်။
လက်ရှိအချိန်ထိ ကျင်းပပြီးစီးခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) ပိုင်းမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၁၆၈) နေရာ အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၁၄၆) နေရာထိ အများဆုံး အနိုင်ရရှိထားတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်တွေအရ သိရပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကိုတော့ မြို့နယ် ၁၀၂ မြို့နယ်မှာ ပြီးခဲ့တဲ့၂၀၂၅ခု နှစ် ဒီဇင်ဘာ ၂၈ ရက် နဲ့ ရွေးကောက်ပွဲ အပိုင်း (၂) ကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်က မြို့နယ် ၁၀၀ မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ရွေးကောက်ပွဲ အပိုင်း (၃) ကိုတော့ လာမဲ့ ဇန်နဝါရီ ၂၅ ရက်မှာ မြို့နယ် (၆၃) မြို့နယ်မှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားပြီး ဖြစ်ပါတယ်။