ကာရစ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်ကို ယူနိုက်တက်ဘောလုံးဒါရိုက်တာဝဲလ်ကော့စ်စောင့်ကြည့်ခဲ့
====================
ယူနိုက်တက်ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ယာယီနည်းပြမိုက်ကယ်ကာရစ်ရဲ့ ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်အား ကိုယ်တိုင် သွားရောက် စောင့်ကြည့်ခဲ့ပါတယ်။
ဝဲလ်ကော့စ်ဟာ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်များကို ကွင်းဘေးမှ ပုံမှန်လာစောင့်ကြည့်ခဲ့သူဖြစ်ပြီး နည်းပြအပြောင်းအလဲ ဖြစ်ပေါ်လာပြီးနောက် ပိုမိုအာရုံစိုက် စောင့်ကြည့်လာတာ တွေ့ရပါတယ်။
ဆောက်သမ်တန်ဘောလုံးဒါရိုက်တာဟောင်းဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရူဘင်အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် ဖိအားများအောက်သို့ ကျရောက်လာသူ ဖြစ်ပါတယ်။
ဝဲလ်ကော့စ်ဟာ နည်းပြအတွေ့အကြုံအထူးတလည် မရှိပေမယ့်လည်း အမိုရမ်ရဲ့ နည်းစနစ်များအပေါ် မေးခွန်းထုတ်ခဲ့ပါတယ်။
အမိုရမ်ဟာ လိဒ်နှင့် ၁ ဂိုးစီသရေကျတဲ့ပွဲအပြီးတွင် ဂျေဆင်ဝဲလ်ကော့စ်က မန်နေဂျာကဲ့သို့ ပြုမူလုပ်ဆောင်နေမှုအပေါ် ဒေါသထွက်ကာ လူသိရှင်ကြား ဝေဖန်မှု ပြုလုပ်ပြီးနောက် ၁၇ နာရီအကြာမှာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် အင်္ဂါနေ့မှာတော့ နည်းပြဟောင်းမိုက်ကယ်ကာရစ်အား ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ခန့်အပ်လာခဲ့ပါတယ်။
မိုက်ကယ်ကာရစ်ဟာ ဗုဒ္ဓဟူးနေ့က ယူနိုက်တက်ကစားသမားများအား ပထမဆုံးအကြိမ် လေ့ကျင့်မှု ပြုလုပ်ပေးခဲ့ပါတယ်။
ကာရစ်ဟာ ကစားသမားဘဝတုန်းက ယူနိုက်တက်တွင် ၁၂ နှစ်တိုင်တိုင် ကစားခဲ့ကာ ၄၆၄ ပွဲကစားပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယူနိုက်တက်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်အပြင် ပြည်တွင်းဖလား ၄ လုံး ရခဲ့ပါတယ်။
ကာရစ်အတွက် သတင်းကောင်းကတော့ အာဖရိကဖလားပြိုင်ပွဲမှ အာမက်ဒီရယ်လိုနှင့် ဘရိုင်ယန်အမ်ဘူမိုတို့ ပြန်လည် ရောက်ရှိကာ အသင်းနှင့် ပြန်လည်ပူးပေါင်းလေ့ကျင့်နေတာ ဖြစ်ပါတယ်။
၎င်းတို့ဟာ စနေနေ့ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်စီးတီးနှင့် ရင်ဆိုင်ရမယ့်ပွဲတွင် ပါဝင်လာကြပါမယ်။