မန္တလေး-သပိတ်ကျင်း-မိုးကုတ် စစ်ဗျူဟာ အရေးကြီးနေရာများအား တပ်မတော် ပြန်လည်သိမ်းပိုက်
-----------------------------------------

တပ်မတော်စစ်ကြောင်းတွေက မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ဗျူဟာ အရေးကြီးနေရာတွေနဲ့ နယ်မြေခံတပ်ရင်းကို ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။
သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေး လမ်းကြောင်းကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အကြမ်းဖက်သောင်းကျန်းသူတွေ ယာယီစိုးမိုးထားတဲ့ နယ်မြေခံ တပ်ရင်းဌာနချုပ်နဲ့ အဲဒီ ဒေသတစ်ဝိုက်ကို ပြန်လည်သိမ်းပိုက်ရရှိရေးအတွက် ဒေသခံပြည်သူတွေနဲ့ အလင်းဝင်ရောက်လာတဲ့ PDF အဖွဲ့ဝင်တွေရဲ့ သတင်းပေးပို့မှုကို စနစ်တကျ ပေါင်းစပ်သုံးသပ်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို စစ်ကြောင်းတွေခွဲပြီး ဟန်ချက်ညီစွာ အရှိန်အဟုန်နဲ့ ဆက်လက်ချီတက်ခဲ့ရာ ဇန်နဝါရီ ၁၁ ရက်မှာ ညောင်ပင်သာကျေးရွာ၊ ဇန်နဝါရီ ၁၂ ရက်မှာ ပိုးဇာနွယ်ကျေးရွာ၊ ဇန်နဝါရီ ၁၃ ရက်မှာ ကျောက်လှည်းဘီးကျေးရွာ ၊ ဇန်နဝါရီ ၁၄ ရက်မှာ အဲဒီလမ်းကြောင်းပေါ်ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်နဲ့ စိန်ကုန်းကျေးရွာတစ်ဝိုက်ကို တပ်မတော် စစ်ကြောင်းတွေက အပြည့်အဝ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီ ဒေသကို ပြန်လည်တိုက်ခိုက်သိမ်းပိုက်ရရှိရေးအတွက် အသက်ကို ပဓာနမထားဘဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူတွေနဲ့ တိုက်ပွဲကြီး/ငယ် ၃၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၁၅ လောင်း၊ လက်နက် မျိုးစုံ ၃၄ လက်၊ ခဲယမ်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်က အရာရှိ၊ စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
တပ်မတော်စစ်ကြောင်းတွေအနေနဲ့ အဲဒီ ဒေသတွေအတွင်း လိုအပ်တဲ့ နယ်မြေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီး စိန်ကုန်းကျေးရွာနဲ့ မိုးကုတ်မြို့အကြား လမ်းပိုင်းမှာ ခိုအောင်းနေတဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို ဆက်လက် တိုက်ခိုက် ချေမှုန်းရှင်းလင်းသွားမှာ ဖြစ်သလို မိုးကုတ်-သပိတ်ကျင်း-မန္တလေးမြို့တွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်း
တွေ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

image