ICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း MPC ထုတ်ပြန်
ဘက်လိုက်မှုကင်းစွာဖြင့် သုံးသပ်ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်
ICJ တွင် တရားရင်ဆိုင်နေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC) က သဘောထားထုတ်ပြန်ချက် (၁/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာနိုင်ငံအတွက်တရားမျှတမှုနှင့် အမှန်တရားအတွက် အစွမ်းကုန်ဆောင်ရွက်လျက်ရှိပါသည်။
(ICJ) အမှုအခင်းသည် မြန်မာနိုင်ငံအတွက် သွေးရိုးသားရိုးအမှု အခင်းတစ်ခုမဟုတ်ဘဲ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားတို့နှင့်သက်ဆိုင်သော နိုင်ငံ့အရေး ဖြစ်ပါသည်။
မြန်မာနိုင်ငံက မကျူးလွန်သည့်အမှုတစ်ခုကို နိုင်ငံတကာ အထင်အမြင်လွဲမှားအောင်၊ မတရားစွပ်စွဲခံရအောင်၊ မြေပြင်နှင့်ကွဲလွဲသည့် သတင်းအချက်အလက်အမှားများဖြင့် စွပ်စွဲနေခြင်းသာဖြစ်ပါ သည်။
(ICJ) မှ ဂုဏ်သရေရှိတရားသူကြီးများအနေဖြင့် မွန်မြတ်သော တရားစီရင်ရေးကျင့်ဝတ်သိက္ခာကို ထိန်းသိမ်းလျက် အမှန်ကိုအမှန်အတိုင်း ဘက်လိုက်မှုကင်းစွာဖြင့် သုံးသပ်ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ပါသည်။
ယခုအမှုကိစ္စသည် မြန်မာနိုင်ငံ၏ဂုဏ်သိက္ခာ၊ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားနှင့်သက်ဆိုင်သော ကိစ္စဖြစ်သဖြင့် မြန်မာတစ်မျိုးသားလုံး၏ အရေးကိစ္စဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်ပါကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားသည်။