ပို့ကုန်ရငွေ ဖြေလျှော့ပေးခဲ့သဖြင့် လုပ်သာကိုင်သာရှိမှုနှင့်အတူ တိုးမြှင့်တင်ပို့ရန် ပြင်ဆင်နေကြသည့် ပို့ကုန်လုပ်ငန်းများ

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်းအစား ၁၅ ရာခိုင်နှုန်း ကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ကြောင်းနှင့် အဆိုပါအမိန့်ကြော်ငြာစာသည် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစ၍ အကျိုးသက်ရောက်စေရမည်ဖြစ်ကြောင်း ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၆) ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။ အဆိုပါ အမိန့်သည်ယာယီသမ္မတက UMFCCI နှစ်ပတ်လည်အခမ်းအနားတွင်ပြောကြားအပြီး တစ်လကျော်အကြာတွင်ပင် လျှော့ချပေးခဲ့ခြင်းဖြစ်သည်။
ပို့ကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်သတ်မှတ်ဈေးဖြစ်သည့် တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ နှုန်းဖြင့် လဲလှယ်ရမည့်ပမာဏကို တဖြည်းဖြည်းလျှော့ချပေးနေခြင်းဖြစ်သည်။ ပို့ကုန်ရငွေ၏ ၁၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် ရောင်းချရမည်ဖြစ်သည်။
ဗဟိုဘဏ်၏ ဖြေလျှော့မှုများအရ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်ရငွေပမာဏ၏ ၈၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်၏ Online Trading တွင် သတ်မှတ်ထားသည့်ဈေးဖြင့် ရောင်းဝယ်ရမည်ဖြစ်သည်။ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ဗဟိုဘဏ်၏ Online Trading Marketတွင် တစ်ဒေါ်လာလျှင် ကျပ် ၃၆၅၀ ဝန်းကျင်ရှိသည်။
“ပထမတုန်းက ၂၅-၇၅ တုန်းက ၃၄၄၀ ရှိခဲ့တယ်။ အခုဖြေလျှော့လိုက်တဲ့အတွက် ၃၆၅၀ လောက်ရတယ်။ ၃၆၅၀ လောက်ရတဲ့အတွက် ပို့ကုန်လုပ်ငန်းရှင်တွေအတွက် ပိုပြီးအဆင်ပြေလာတယ်။ တောင်သူတွေဆီက ဝယ်နေတဲ့အခါမှာလည်း ပိုပြီးတော့ ဈေးနဲနဲပိုပေးပြီး ဝယ်လာနိုင်မယ်။ လယ်ယာထွက်ကုန်တွေကို ဈေးပိုပေးပြီး ဝယ်နိုင်မယ်ပေါ့” ဟု လုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောကြားခဲ့သည်။
ယခင်သတ်မှတ်ချက်ဖြစ်သည့် ၂၅-၇၅ အချိုးထက် လက်ရှိဖြေလျှော့လိုက်သည့် ၁၅-၈၅ အချိုးတွင် လုပ်ငန်းရှင်များအတွက် ပိုမို၍ လုပ်သာကိုင်သာရှိလာမည်ဖြစ်ကြောင်း သိရသည်။
“အရင်ရက်က ကျွန်တော်တို့မဝယ်နိုင်တော့ စပါးဈေးက ၁၅ သိန်းခွဲလောက်ကနေ ပြန်ကျသွားတာ ၁၄ သိန်းခွဲလောက်အထိ ကျသွားတယ်။ အခုဒီနေ့ကစပြီး ၁၄ သိန်းခွဲကနေ တဖြည်းဖြည်းနဲ့ ပြန်တက်ပြီး ဝယ်သွားမှာ။ အဲဒီဈေးသည် ၁၅ ခွဲလောက်အထိကို ပြန်ရောက်သွားမှာ။ ဘာကိုပြောချင်လဲဆိုရင် ပို့ကုန်လုပ်ငန်းရှင်ကလည်း Export ပြန်ပို့နိုင်မယ်။ လယ်ယာထွက်ကုန်တွေကိုလည်း ဈေးပိုပေးပြီး ဝယ်လို့ရမယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေးကို ဘက်ပေါင်းစုံမှ အလေးထားဆောင်ရွက်ကြရန် ၊ ဆန်၊ ပဲ၊ ပြောင်း၊ ရေထွက်ပစ္စည်း၊ ရော်ဘာနှင့် ကုန်ထုတ်ပစ္စည်းအစရှိသည့် ပို့ကုန်များကို လအလိုက် တင်ပို့ရန်လျာထားသတ်မှတ်ပြီးဖြစ်၍ သတ်မှတ်လျာထားချက်အတိုင်း ပြည့်မီကျော်လွန်စွာ တင်ပို့သွားရန်၊ CMP အထည်ချုပ်လုပ်ငန်းများ၊ ငါး၊ ပုစွန်နှင့် အခြားရေထွက်ပစ္စည်းများ ပိုမိုတင်ပို့ရန်တို့ကို မဖြစ်မနေ အားသွန်ခွန်စိုက် ဆောင်ရွက်ကြရန်၊ ပြည်တွင်း MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်ရေးကိုလည်း ဆောင်ရွက်သွားရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။
နိုင်ငံတကာဈေးကွက်အေးနေခြင်းနှင့် ပြည်တွင်းငွေကြေးဈေးကွက်အခြေအနေများကြောင့် ပြီးခဲ့သည့်လများအတွင်း ပြည်ပသို့ ဆန်နှင့်ပဲတင်ပို့မှု လျော့ကျခဲ့ကြောင်း၊ သို့သော်လည်း လက်ရှိအချိန်တွင် ပြည်ပသို့ ပြန်လည်တင်ပို့ရောင်းချနိုင်ရန် လုပ်ငန်းရှင်များက စတင်ပြင်ဆင်နေပြီဖြစ်ကြောင်းလည်း သိရသည်။
"ဒီဇင်ဘာလမှာစပြီး နိုင်ငံခြားကိုရောင်းချမှုနှုန်းတွေက ပဲရော ဆန်ရောကျသွားတယ်။ အခုဆိုရင် ပြန်လည်ရောင်းချဖို့အတွက် ကျွန်တော်တို့ Offer တွေ ပြန်လုပ်နေပြီ" ဟုလည်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ပို့ကုန်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ပို့ကုန်လိုင်စင်လျှောက်ထားမှုများကို အချက်အလက်ပြည့်စုံစွာ တင်ပြလာပါက Automatic Licensing စနစ်ဖြင့် အလိုအလျောက်ခွင့်ပြုခြင်း၊ Non-Automatic Licensing စနစ်ဖြင့် လျှောက်ထားမှုများကို ပို့ကုန်သွင်းကုန် လုပ်ငန်းညှိနှိုင်းမှုကော်မတီက စိစစ်ပြီး ရုံးဖွင့်ရက်များ၌ ၂၄ နာရီအတွင်း ခွင့်ပြုခြင်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပို့ကုန်လိုင်စင်လျှောက်ထားသည့် စောင်ရေနှင့် ပမာဏအတိုင်း အပြည့်အဝ မှန်မှန်ကန်ကန်တင်ပို့ကြရန်နှင့် ပို့ကုန်ရငွေပြန်လည်ဝင်ရောက်မှုအပေါ် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ထားသည့် ကာလအတွင်း အပြည့်အဝပြန်လည်ဝင်ရောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြပါရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

image