ကလောပန်းပွဲတော်ကို လာရောက်သူများပြား
-----------------

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ မောမြေဦးပန်းခြံမှာ ကျင်းပနေတဲ့ ပန်းပွဲတော်ကို လာရောက်သူ များပြားပြီး စည်ကားနေတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရ သိရပါတယ်။ ကလောမြို့မှာ ပထမအကြိမ် ပန်းပွဲတော် ကျင်းပနေတာဖြစ်ပြီး မောမြေဦးပန်းခြံမှာ ဇန်နဝါရီလ(၁)ရက်ကနေ (၁၅)ရက်အထိ ကျင်းပနေတာ ဖြစ်ပါတယ်။
ပန်းပွဲတော်ကို ကျင်းပတာဟာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ခရီးသွားဧည့်သည်တွေ ပိုမိုလာရောက် လည် ပတ်နိုင်စေဖို့၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံပြည်သူတွေ အပန်းဖြေ အနားယူနိုင်စေဖို့၊ ရာသီ ဥတုနဲ့လိုက်ဖက်ညီတဲ့ အဆင့်မြင့်ပန်းခြံဒေသ အထိမ်းအမှတ်နေရာဒေသတစ်ခု ဖြစ်လာစေဖို့ ရည်ရွယ် လုပ်ဆောင် တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီပန်းပွဲတော်မှာ ဒေသထွက်ပန်းမျိုးစိတ်တွေ ပါဝင်တဲ့ သစ်ခွဥယျာဉ်နဲ့ အမျိုးအစားစုံနဲ့ ပုံဖော်ထားတဲ့ နှင်းဆီ ပြကွက်၊ ဒေစီပန်းပြကွက်တွေအပြင် နိုင်ငံခြားဖြစ် ပန်းမျိုးစိတ်တွေလည်း ပြသထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပန်းပွဲတော်ကို လာရောက်ရင်းနဲ့ စာအုပ်စာစောင်တွေနဲ့အနားယူဖတ်ရှုလေ့လာနိုင်တဲ့ စာကြည့်တိုက်၊ ဒေသထွက်အစားအစာတွေ ပါဝင်တဲ့ ဈေးတန်း၊ အားကစားကွင်းနဲ့ ကလေးကစားကွင်းတွေအပြင် အလှဓာတ်ပုံ တွေ ရိုက်ကူးဖို့ နေရာတွေကိုလည်း ပြင်ဆင်ထားပါတယ်။
ပန်းပွဲတော်ကို လာရောက်ကြတဲ့သူတွေအနေနဲ့ ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်နိုင်တဲ့အတွက် ပန်းချစ်သူတွေ၊ အလှ ဓာတ်ပုံရိုက်ကူးသူတွေ၊ ကလေးငယ်တွေနဲ့ စည်ကားနေတယ်လို့ သိရပါတယ်။

image