ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် မာချာဒိုနဲ့ ဒေါ်နယ်ထရန့် အိမ်ဖြူတော်မှာ တွေ့မယ်

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မာရီယာ ကိုရီနာ မာချာဒိုဟာ ကြာသပတေးနေ့မှာ သမ္မတဒေါ်နယ်ထရန့်နဲ့ တွေ့ဆုံမယ်လို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။
ဗင်နီဇွဲလားသမ္မတ နီကိုလက်စ် မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ကာရာကတ်စ်မှာ ဖမ်းဆီးပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာ ယခုခရီးစဉ် ထွက်ပေါ်လာတာပါ။ ဒါပေမယ့်လည်း ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ မာချာဒိုကို ဗင်နီဇွဲလားခေါင်းဆောင်သစ်အဖြစ် ဒေါ်နယ်ထရန့်က ထောက်ခံခြင်းမရှိခဲ့ပါဘူး။
အမေရိကန်ပြည်ထောင်စုဟာ မာဒူရိုရဲ့ ဒုတိယသမ္မတဟောင်း ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကို ထောက်ခံခဲ့ပါတယ်။ မာချာဒိုက မာဒူရိုအပေါ် လုပ်ဆောင်ချက်အတွက် ထရန့်ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုတယ်လို့ ပြီးခဲ့တဲ့အပတ်က ပြောကြားခဲ့ပါတယ်။
ဒါအပြင် ထရန့်အတွက် သူမရဲ့ နိုဘယ်ဆုကို လွှဲပြောင်းပေးလိုတယ်လို့ ပြောကြားခဲ့ပေမယ့် နိုဘယ်ကော်မတီကတော့ ဒီလိုလွှဲပြောင်းပေးလို့မရဘူးလို့ သတိပေးခဲ့ပါတယ်။ ယခုလအစောပိုင်းမှာ မာဒူရိုကို ရာထူးမှဖယ်ရှားပြီးနောက် ထရန့်က မာချာဒိုဟာ အရမ်းတက်ကြွကောင်းမွန်တဲ့ အမျိုးသမီးတယောက်ဖြစ်ပေမယ့် နိုင်ငံအတွင်းမှာ လေးစားခံရမှုမရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့တဲ့ မာချာဒိုကတော့ ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ စစ်ရေးလုပ်ဆောင်မှုဟာ ဗင်နီဇွဲလားရဲ့ ကြွယ်ဝချမ်းသာမှု၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအတွက် အဓိကခြေလှမ်းတခုလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။
အမေရိကန်ဟာ ယခုအချိန်အထိ ဒယ်လ်စီ ရိုဒရီဂွက်ဇ်ကို ဗင်နီဇွဲလားရဲ့ ယာယီသမ္မတအဖြစ် ထောက်ခံခဲ့ပါတယ်။ ထရမ့်က ရိုဒရီဂွက်ဇ်ကို မဟာမိတ်အဖြစ် ဖော်ပြပြီး အမေရိကန်အရာရှိတွေက သူမကို ရာဇဝတ်မှုတစုံတရာနဲ့ တရားစွဲဆိုထားခြင်းမရှိပါဘူး။
ဒယ်လ်စီ ရိုဒရီဂွက်ဇ်နဲ့ သူမရဲ့ အဖွဲ့ဟာ အမေရိကန်နဲ့ အလွန်ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်း လီဗစ်က ပြောပါတယ်။

image