အီရန်ဆန္ဒပြပွဲ လူ ၂၀၀၀ ကျော်သေဆုံး၊ ဆန္ဒပြပွဲတွေ ဆက်လုပ်ဖို့ ထရန့် တိုက်တွန်းထားပြီး အကူအညီတွေ လာနေပြီလို့ဆို
အီရန်နိုင်ငံမှာ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းမှုအတွင်း လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တခုက ပြောပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ အီရန်နိုင်ငံသားတွေအတွက် အကူအညီတွေ ရောက်ရှိလာတော့မယ်လို့ ပြောပါတယ်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ (HRANA) ကတော့ ပြီးခဲ့တဲ့ ၁၇ ရက်အတွင်း ဆန္ဒပြသူ ၁၈၅၀၊ အစိုးရနဲ့ ဆက်နွှယ်သူ ၁၃၅ ယောက်နဲ့ ဆန္ဒပြပွဲတွေမှာ မပါဝင်တဲ့ အရပ်သား ကိုးယောက်အပြင် ကလေး ကိုးယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
လူပေါင်း ၂၀၀၀ သေဆုံးခဲ့ပေမယ့်လည်း ဒါဟာ အကြမ်းဖက်သမားတွေကြောင့်ဖြစ်တယ်လို့ အီရန်အရာရှိတယောက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ထရန့်ဟာ အင်္ဂါနေ့ညနေပိုင်းမှာ အီရန်နဲ့ ပတ်သက်တဲ့ အစည်းအဝေးတခုကို တက်ရောက်မှာဖြစ်ပြီး သေဆုံးသူအရေအတွက် အတိအကျသိရဖို့ လုပ်ဆောင်မယ်ဆိုပါတယ် ။
"သေဆုံးမှု သိသိသာသာတိုးပွားနေပေမယ့် အတိအကျ မသိသေးပါဘူ "လို့ ထရန့်က ပြောပါတယ်။ ကိန်းဂဏန်း အချက်အလက်တွေ ရရှိပြီးတာနဲ့ မိမိတို့အနေနဲ့ လိုက်လျောညီထွေစွာ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ အီရန်အာဏာပိုင်တွေဟာ သတ်ဖြတ်မှုတွေအတွက် ကြီးမားတဲ့တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီး အီရန်ပြည်သူတွေအနေနဲ့ ဆန္ဒပြပွဲတွေ ဆက်လက်လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။
"ဆန္ဒပြသူတွေကို အဓိပ္ပာယ်မဲ့သတ်ဖြတ်မှုတွေ ရပ်တန့်သွားတဲ့ အထိ အီရန်အရာရှိတွေနဲ့ တွေ့ဆုံမှုအားလုံးကို မိမိ ဖျက်သိမ်းလိုက်ပါပြီ။ အကူအညီတွေ ရောက်ရှိလာပါပြီ။ အီရန်နိုင်ငံ ပြန်လည်ကြီးမြန်ပါစေ "လို့ ဒေါ်နယ်ထရန့်က ပြောပါတယ်။
ဒါအပြင် အီရန်နဲ့ ကုန်သွယ်မှုပြုလုပ်တဲ့ မည်သည့်နိုင်ငံကိုမဆို ၂၅% အခွန်ကောက်ခံမယ်လို့ ကြေညာပြီးနောက် ဆန္ဒပြသူတွေနှိမ်နင်းခံရမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်ရေးအပြင် အခြားရွေးချယ်စရာတွေကို ချိန်ဆနေခဲ့ပါတယ်။
အီရန်ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ ငွေကြေးဖောင်းပွမှုကြောင့် စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ပြည်နယ် ၃၁ ခုလုံးရှိ မြို့ကြီးများနဲ့ မြို့ငယ် ၁၈၀ ကို ပျံ့နှံ့နေခဲ့ပြီး အင်တာနက်ဆက်သွယ်ရေးတွေကို အာဏာပိုင်တွေက ဖြတ်တောက်ထားပါတယ်။
နောက်ပိုင်းမှာတော့ နိုင်ငံရေးပြောင်းလဲမှုအတွက် တောင်းဆိုမှုတွေအဖြစ် လျင်မြန်စွာ ကျယ်ပြန့်လာပြီး ၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း ဘာသာရေးခေါင်းဆောင်နဲ့ နိုင်ငံခေါင်းဆောင်တွေအတွက် အပြင်းထန်ဆုံး စိန်ခေါ်မှုတွေထဲက တခုဖြစ်ပါတယ်။