ထိုင်းမှာ မြန်မာလုပ်သား အယောက် ၁၀၀ လောက် အချင်းချင်း အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွား
ထိုင်းနိုင်ငံ ၊ ချွန်ပူရီမြို့ မှာ မြန်မာလုပ်သား အယောက် ၁၀၀ လောက်ဟာ မြန်မာအချင်းချင်း အုပ်စုဖွဲ့ ရန်ဖြစ် ရိုက်နှက်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းတွေ အရနဲ့ ထိုင်းရောက်မြန်မာ လုပ်သားတွေဆီက သိရပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့ ၊ ည ၁၀ နာရီလောက်က ချွန်ပူရီမြို့နယ် ၊ လမ်းမပေါ်မှာ ရာနဲ့ချီတဲ့ မြန်မာလုပ်သားတွေဟာ အချင်းချင်း စကားများရန်ဖြစ်ကြပြီး တုတ် ၊ ဓားတွေနဲ့ ထိုးနှက် ရိုက်နှက်ခဲ့ကြတာဖြစ်ကြောင်း ၊ အဲဒီဖြစ်စဥ်မှာ မြန်မာလုပ်သား နှစ်ယောက် ဒဏ်ရာပြင်းထန် ရရှိခဲ့ပြီး လက်ရှိမှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
"ည ၁၀ နာရီခွဲလောက်ကြီး ရိုက်ကြ နှက်ကြ တာပါ ။ မျက်မြင် သက်သေတွေ ပြောတာတော့ မြန်မာ အဖွဲ့လိုက် ရိုက်တာလို့ သိရတယ်။ ဒဏ်ရာရ တဲ့နှစ်ယောက်ကို စစ်ရင်လည်း နောက်ဆက်တွဲ မြန်မာတွေက ပေါ်မှာပဲ ။ ဒဏ်ရာရတဲ့ နှစ်ယောက်မှာက ဓားဒဏ်ရာတွေ ၊ ရိုက်ခံထားရတာတွေ တွေ့ရတယ်သိရတယ်။ ဒီလောက်လူအများကြီး ရုပ်ပျက်ဆင်းပျက် အုပ်စုဖွဲ့ရိုက်တာ မလုပ်သင့်ပါဘူးဗျာ ။ ကျန်တဲ့ မြန်မာတွေပါ သိက္ခာကျတယ် ။ " လို့ ချွန်ပူရီမြို့မှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားက ပြောပါတယ်။
ခုလို မြန်မာအချင်းချင်း အုပ်စုဖွဲ့ပြီး ရိုက်နှက် ရန်ဖြစ်တဲ့ ဖြစ်စဥ်နဲ့ ပတ်သက်ပြီး မြန်မာလုပ်သားတွေ အပါအဝင် ထိုင်းနိုင်ငံသားတွေကပါ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့အပြင် အုပ်စုဖွဲ့ ရန်ဖြစ်သူတွေကို ဖော်ထုတ်ပြီး အရေးယူခြင်း ၊ အလုပ်ကနေ ထုတ်ပြီး နယ်နှင်ဒဏ်ပေးဖို့အထိ ပြောဆိုမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
" အခုထိုင်းတွေကြားထဲမှာ ပြောစရာဖြစ်နေပြီ။ မြန်မာအချင်းချင်းတွေ စကားများရန်ဖြစ်ကြတယ်။ခုဖြစ်နေတဲ့ပုံရိပ်က ထိုင်းမှာနေနေတဲ့ မြန်မာတွေပုံရိပ် ကျဆင်းစေတယ်။ထိုင်းနိုင်ငံသားတွေနဲ့ တွဲပြီးအလုပ်လုပ်နေရတဲ့အချိန် ခုလိုတွေဖြစ်တာ ကြာလာရင်မကောင်းဘူး ။ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေကြပါ ။ အဲဒီလိုနေရင် ဘယ်သူမှ ကြောက်နေစရာမလိုဘူး ။ စည်းကမ်းရှိရှိနေကြဖို့ လိုပါတယ်ဗျာ ။ " လို့ ထိုင်းရောက် မြန်မာတယောက်က ပြောပါတယ်။
လက်ရှိမှာ အဆိုပါ အုပ်စုဖွဲ့ ရန်ဖြစ်တဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ပါဝင်တဲ့ မြန်မာလုပ်သားတွေကို အရေးယူနိုင်ဖို့အတွက် CCTV တွေအရ သက်သေစုနေသလို စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာ နယ်မြေရဲစခန်းက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီ ၁၃ ရက်နေ့ မနက် ၃ နာရီကျော် လောက်ကလည်း ထိုင်းတောင်ပိုင်း ဆဒွန်းခရိုင်ထဲမှာ ဆေးကြောင်နေတဲ့ မြန်မာလုပ်သားတယောက်ဟာ လမ်းဘေးမှာ ရပ်ထားတဲ့ မော်တော်ကားနဲ့ ဆိုင်ကယ်အစီးရေ ၂၀ နီးပါးကို ပေါက်ချွန်းနဲ့ လိုက်လံ ဖျက်ဆီးခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၁ ရက်ကလည်း ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်၊ ဘန်ဘောအရပ်က စားသောက်ဆိုင်ရှေ့မှာ ထိုင်းနိုင်ငံသား သုံးယောက်ကို မြန်မာနိုင်ငံသားခြောက်ယောက်က အုပ်စုဖွဲ့ ရိုက်နှက်ခဲ့မှု ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။