မားကပ်စ်ရက်ဖို့ဒ်အား လျှော့ဈေးဖြင့် ခေါ်ယူနိုင်ရေး ဘာစီလိုနာ ကြိုးပမ်းလာ
==================

ဘာစီလိုနာဟာ မားကပ်စ်ရက်ဖို့ဒ်အား လျှော့ဈေးဖြင့် ခေါ်ယူနိုင်ရေး ကြိုးပမ်းလာနေကြောင်း သိရပါတယ်။
အသက် ၂၈ နှစ်ရှိ အင်္ဂလန်တိုက်စစ်သမားဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ဘာစီလိုနာသို့ အငှားဖြင့် ပြောင်းလာပြီးနောက် ပြိုင်ပွဲအရပ်ရပ် ၂၇ ပွဲကစားထားရာမှာ ၇ ဂိုးသွင်းပြီး ၈ ကြိမ် ဖန်တီးမှု ပြုလုပ်ထားပါတယ်။
ဘာစီလိုနာဟာ နွေရာသီတွင် ရက်ဖို့ဒ်ကို အပြီးသတ် ခေါ်ယူလိုနေပေမယ့်လည်း စာချုပ်ပါအချက်အတိုင်း ပေးလိုခြင်း မရှိဘဲ လျှော့ဈေးဖြင့် ခေါ်ယူလိုနေပါတယ်။
ဘာစီလိုနာဟာ နွေရာသီတုန်းက ရက်ဖို့ဒ်ကို အငှားဖြင့် ခေါ်ယူစဉ်တုန်းက ရာသီအကုန်တွင် ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မယ့်အချက် ထည့်သွင်းချုပ်ဆိုထားပါတယ်။
ဒါပေမယ့် ဘာစီလိုနာဟာ ဘဏ္ဍာရေး ပြဿနာကြုံနေရရာ ပေါင် ၂၆ သန်းပေးလိုခြင်း မရှိဘဲ လျှော့ဈေးဖြင့် ခေါ်ယူလိုနေကြောင်း talkSPORT က ဖော်ပြလာပါတယ်။
လက်ရှိအချိန်တွင် ရက်ဖို့ဒ်ကိုယ်တိုင်ကလည်း ဘာစီလိုနာတွင် အသားကျနေရာ အပြီးသတ်ပြောင်းရေး စိတ်အားထက်သန်နေပါတယ်။
ယူနိုက်တက်ဟာ ရက်ဖို့ဒ်နှင့် အဆင်မပြေဖြစ်ခဲ့တဲ့ ရူဘင်အမိုရမ်ကို ထုတ်ပယ်လိုက်ပြီ ဖြစ်ပေမယ့်လည်း ကစားသမားအား ရောင်းချရန် တံခါးဖွင့်ထားဆဲ ဖြစ်ပါတယ်။
ရက်ဖို့ဒ်ဟာ လွန်ခဲ့တဲ့ ၁၂ လတုန်းက အမိုရမ်နှင့် အဆင်မပြေဖြစ်ပြီးနောက် ဗီလာသို့ အငှားဖြင့် ထွက်ကစားခဲ့ရပြီး ၁၇ ပွဲကစားရာတွင် ၄ ဂိုးသွင်းကာ ၆ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဘာစီလိုနာဟာ ယူနိုက်တက်နှင့် ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေလာပါက ရက်ဖို့ဒ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ဖြင့် အပြီးသတ် ခေါ်ယူလာပါတယ်။
ရက်ဖို့ဒ်ဟာ ဘာစီလိုနာသို့ ရောက်လာပြီးနောက် တနင်္ဂနွေနေ့တုန်းက ပထမဆုံးဆုဖလားအဖြစ် စပိန်စူပါဖလား ရယူနိုင်ခဲ့ပါတယ်။ ယင်းနေ့တွင်ပင် အသင်းဟောင်း ယူနိုက်တက်မှာ အက်ဖ်အေဖလားပြိုင်ပွဲ တတိယအဆင့်မှ ထွက်ခဲ့ရကာ ယခုရာသီ ဆုဖလားမျှော်လင့်ချက် အဆုံးသတ်သွားခဲ့ပါတယ်။

image