အသင်းရဲ့လူစာရင်းထဲ ထည့်သွင်းမခံထားရတဲ့ စတာလင်၊ ဒီဆာဆီတို့နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ လီယမ်ရိုစီနီယာ ပြောကြား

ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် လီယမ်ရိုစီနီယာက အသင်းရဲ့လူစာရင်းထဲ ထည့်သွင်းမခံထားရတဲ့ စတာလင်၊ ဒီဆာဆီတို့နဲ့ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အင်္ဂလန်တောင်ပံကစားသမား စတာလင်နဲ့ ပြင်သစ်နောက်ခံလူ ဒီဆာဆီတို့ဟာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းရှိနေကြပေမဲ့ အငှားထွက်ခွာကစားရာက ပြန်လာပြီးနောက်ပိုင်း အသင်းရဲ့လူစာရင်းထဲ ထည့်သွင်းခံရခြင်းမရှိတော့ပါဘူး။
အသက်(၃၁)နှစ်ရှိပြီဖြစ်တဲ့ စတာလင်ဟာ လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတွေမှာ ခြေစွမ်းပြခဲ့သူဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာလည်း ရောက်ခါစ နှစ်ရာသီ ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီမှာတော့ အာဆင်နယ်အသင်းဆီ အငှားချခံခဲ့ရပါတယ်။
ဒီဆာဆီ(၂၇ နှစ်)ကတော့ မိုနာကိုကနေ ချယ်လ်ဆီးကို ပြောင်းရွှေ့လာသူဖြစ်ပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ပြီးခဲ့တဲ့ရာသီမှာ အက်စတွန်ဗီလာအသင်းဆီ အငှားချခံခဲ့ရပါတယ်။
''ကျွန်တော် သူတို့နဲ့ စကားပြောဆိုသွားမှာပါ။ ရာဟင်းမ်(စတာလင်)က ထူးချွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ကျွန်တော် သူ့ကို လေးစားမှုအများကြီးရှိပါတယ်။ အိတ်ဇဲလ်(ဒီဆာဆီ)ကလည်း ကျွန်တော် သဘောကျခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ကျွန်တော် သူတို့နဲ့ လာမယ့်ရက်ပိုင်းအတွင်း စကားပြောသွားမှာပါ'' လို့ လီယမ်ရိုစီနီယာက ပြောကြားခဲ့ပါတယ်။
စတာလင်ကို ဝက်စ်ဟမ်းနဲ့ ဖူလ်ဟမ်အသင်းတွေက အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပေမဲ့ စတာလင်က အပြီးသတ်ပြောင်းရွှေ့ခွင့်ရမှသာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဆန္ဒရှိကြောင်း သိရပါတယ်။

image