ICJ တွင် နိုင်ငံနှင့်ပြည်သူအတွက် တစ်ဖွဲ့လုံးမှ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ကြိုးစားကာကွယ်သွားမည်ဟု ပြည်ထောင်စု ဝန်ကြီးဦးကိုကိုလှိုင်ပြော

ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးများအရေးနှင့်ပတ်သက်၍ နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ တန်ပြန်လျှောက်လဲချက်များပေးရန်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ ယနေ့ ဇန်နဝါရီ ၁၂ ရက်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံကိုယ်စားပြုသည့် ICJ တရားရင်ဆိုင်ရေးအဖွဲ့နှင့်ပတ်သက်၍ ကောလဟာလသတင်းများထွက်ပေါ်လျက်ရှိသည့်အပြင် သတင်းမှားများ၊ လုပ်ကြံသတင်းများထုတ်လွှင့်လျက်ရှိသော်လည်း မိမိတို့အဖွဲ့သည် တာဝန်များကိုကျေပွန်စွာထမ်းဆောင်လျက်ရှိပြီး ယခုဖြစ်စဥ်သည် ၂၀၁၆-၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးကိစ္စနှင့်ပတ်သက်ကာ လူမျိုးတုန်းစေမှုကျူးလွန်သည်ဟုဆိုကာ အာဖရိကတိုက်၏ အစွန်အဖျား ဂမ်ဘီယာနိုင်ငံမှ ICJ တွင် စွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ထိုသို့ စွဲဆိုခဲ့သဖြင့် ရုံးတော်ရှေ့တွင် အပြန်အလှန်နှုတ်ဖြင့်လျှောက်လဲကြမည်ဖြစ်ကာ မိမိတို့သည် နိုင်ငံချစ်စိတ်ဖြင့်အလုပ်လုပ်နေကြခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၁၂ ရက်သည် တရားရုံး၌ အမှုစစ်ဆေးသော ပထမရုံးချိန်းဖြစ်ကာ ဂမ်ဘီယာနိုင်ငံမှ လျှောက်လဲတင်ပြမည်ဖြစ်ပြီး ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ မြန်မာနိုင်ငံဘက်မှ လျှောက်လဲသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင်လည်း နှစ်ဖက်သက်သေများအား တရားရုံးရှေ့တင်သွင်းစစ် ဆေးသွားမည်ဟု ပြောသည်။
" ဒီအမှုကိုရင်ဆိုင်ရာမှာ အစထဲက သက်တောင့်သက်သာနဲ့ရင်ဆိုင်ခဲ့ရတာမဟုတ်ပါဘူး။ ပထမဆုံး ကိုဗစ် -၁၉ ကပ်ရောဂါကြီးနဲ့ရင်ဆိုင်နေရတဲ့ကြားက နိုင်ငံတကာချစ်ကြည်ရေးအထူးအဖွဲ့တွေနဲ့ ခက်ခက်ခဲခဲဆက်သွယ်ဆောင်ရွက်ခဲ့ရတာပါ။ နောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီအမှုတွေနဲ့ရင်ဆိုင်ခဲ့ရသလိုဘဲ ၂၀၂၃ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းမိုခါကြောင့်ဘဲ ဒီဒေသမှာတော်တော်လေးထိခိုက်ခံစားခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာဆိုရင်လည်း အစိုးရအဖွဲ့ရုံးစိုက်တဲ့ နေပြည်တော်မှာ ရေကြီးတာတွေ၊ ငလျင်ဘေးဒ-ဏ်ခံ စားခဲ့ရတာတွေရှိခဲ့ပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ပြောသည်။
ထိုသို့ အခက်အခဲများနှင့် အကြပ်အတည်းများကြားကပင် မိမိတို့အနေဖြင့် စည်းလုံးညီညွတ်စွာဖြင့်ကြိုးစားခဲ့ကြကာ မြန်မာပြည်သူလူထုတစ်ရပ်လုံး၏ သောင်းသောင်းဖြဖြထောက်ခံအားပေးမှုများကိုလည်း မိမိတို့တစ်ဖွဲ့လုံးမှ အထူးတန်ဖိုးထားကျေးဇူးတင်ပြီး ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ နိုင်ငံနှင့် ပြည်သူများအတွက်ကြိုးစားကာကွယ်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ပြောကြားခဲ့သည်။

image