အပိုင်း ၂ ရွေးကောက်ပွဲမှာ တစည ပါတီက ခြောက်နေရာနဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက သုံးနေရာ အနိုင်ရထား

အပိုင်း ၂ ရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ( တစည) က လွှတ်တော်နေရာ ခြောက်ခု အနိုင်ရရှိထားပြီး တိုင်းရင်းသားပါတီ တခုဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကတော့ လွှတ်တော်နေရာ သုံးခုကို အနိုင်ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။
တစည ပါတီဟာ ရန်ကုန်တိုင်း ၊ ကြည့်မြင်တိုင်မြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော် ၊ မကွေးတိုင်း ၊မြို့သစ်မြို့နယ်မှာ ပြည်သူ့လွှတ်တော် နဲ့ မွန်ပြည်နယ်မှာတော့ ​PR စနစ်နဲ့ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်
နေရာတို့ကို အနိုင်ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ၊ ဝါးခယ်မမြို့နယ်မှာ တိုင်းဒေသကြီးလွှတ်တော်နေရာ နဲ့ မြောင်းမြမြို့နယ်မှာ အမျိုးသားလွှတ်တော် နေရာတို့ကို အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
" လက်ရှိသိရတာ ခြောက် ယောက်တော့ အနိုင်ရထားပါတယ်။ မွန်ပြည်နယ်က ပြည်နယ်တခုလုံးအတွက် PR စနစ်နဲ့ မဲပေးရာမှာ ပြည်နယ်လွှတ်တော် နဲ့ အမျိုးသားနိုင်တာပါ။ မြို့နယ်ကိုယ်စားပြုမဟုတ်ဘူး ။ ကျန်တဲ့နေရာတွေကတော့ စာရင်းမသိရသေးဘူး ။အခုမှ စာရင်းချုပ်ကြတုန်းပဲ ။ ပြိုင်တာကတော့ ရန်ကုန် အကုန်ပြိုင်တယ်။ မကွေးမှာ ၁၀ မြို့နယ် ဝင်ပြိုင်ပါတယ်။ တိုင်းဒေသကြီးတွေလည်း ဝင်ပြိုင်တာ ရှိပါတယ်။ပြုစုထားတာရှိပေမယ့် မခွဲထားရသေးလို့ပါ ။ " လို့ တစည ပါတီက တာဝန်ရှိသူ ဦးတင်အောင်က ပြောပါတယ်။
ပြီးခဲ့တဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာတုန်းကလည်း တစည ပါတီက လွှတ်တော်နေရာ ငါးခု အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
အပိုင်း၂ရွေးကောက်ပွဲ မှာ ကရင်ပြည်နယ်က ဖာပွန်နဲ့ လှိုင်းဘွဲ့ မြို့နယ်နှစ်ခုမှာသာ ရွေးကောက်ပွဲ ကျင်းပနိုင်ပြီး တိုင်းရင်းသားပါတီဖြစ်တဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက လှိုင်းဘွဲ့မြို့နယ်မှာ လွှတ်တော်နေရာ သုံးခုကို အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။
ဖာပွန်မြို့နယ်မှာတော့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဥ်ပြိုင် ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။
" လှိုင်းဘွဲ့က ပြည်နယ်လွှတ်တော် ၊ ပြည်သူ့လွှတ်တော် ၊အမျိုးသားလွှတ်တော်နိုင်တယ်။ တိုင်းရင်းသားလွှတ်တော်ကိုတော့ မနိုင်ဘူး ။ အပိုင်း ၁ တုန်းက မြဝတီက မဲတတိယလိုက်တယ်။ဘားအံက ဒုတိယလိုက်တယ်။ သံတောင်ကြီးကတော့ ဝင်မပြိုင်ဘူး ။" လို့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ ကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့က မွန်ပြည်နယ် အပြင့ ရှမ်းပြည်နယ် ၊ ကယား ၊ ကချင် ၊ကရင် ၊ ဧရာဝတီ ၊ ပဲခူးတိုင်း ၊မကွေးတိုင်း ၊ရန်ကုန်တိုင်း ၊ တနင်္သါရီတိုင်း ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်းထဲက မြို့နယ်ပေါင်း ၁၀၀ မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

image