ဆာအဲလက်စ်ဖာဂူဆန်ရဲ့မိသားစု နေအိမ်ဟောင်းသို့ ပြောင်းရွှေ့နေထိုင်လာတဲ့ ယူနိုက်တက်စတားဟဲဗင်း
===============
ယူနိုက်တက်လူငယ်ကစားသမားအေဒန်ဟဲဗင်းဟာ ပထမအသင်းအတွက် ၁၇ ပွဲတည်းသာ ကစားထားရသေးပေမယ့်လည်း ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ရဲ့ မိသားစုနေအိမ်ဟောင်းသို့ ပြောင်းရွှေ့နေထိုင်လာပါတယ်။
အသက် ၁၉ နှစ်ရှိ ဗဟိုနောက်ခံလူဟာ ချီရှိုင်းယားရှိ ဆာအဲလက်စ်ဖာဂူဆန်နှင့် ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ဇနီးသည်လေဒီကေသီတို့ အတူနေထိုင်ခဲ့တဲ့ နေအိမ်ကို ငှားရမ်းနေထိုင်လာတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်လူငယ်ပါရမီရှင်ဗဟိုနောက်ခံလူအနေဖြင့် ဆာအဲလက်စ်ဖာဂူဆန်ရဲ့ နေအိမ်ဟောင်းကို ငှားရမ်းနေထိုင်စဉ်အတွင်း ကောင်းကောင်းမွန်မွန် မနေထိုင်ဘူးဆိုရင်တော့ ဆူပူကြိမ်းမောင်းမှုနှင့် ရင်ဆိုင်လာရဖို့တော့ ရှိနေပါတယ်။
ယခုအခါ အသက် ၈၃ နှစ်ရှိပြီ ဖြစ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ဟာ နည်းပြဘဝတုန်းက ကစားသမားများကို ဆူပူကြိမ်းမောင်းတတ်သူအဖြစ် နာမည်ကြီးသူလည်း ဖြစ်ပါတယ်။
ဟဲဗင်းဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက အာဆင်နယ်မှ ယူနိုက်တက်သို့ ၄ နှစ်ခွဲစာချုပ်ဖြင့် ရောက်လာသူ ဖြစ်ပြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့နေအိမ်ဟောင်းတွင် မိခင်ဖြစ်သူလီဆာနှင့်အတူ နေထိုင်လာပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ဇနီးသည်ကွယ်လွန်သွားပြီးနောက် ယင်းနေအိမ်အား ပေါင် ၃.၅ သန်းဖြင့် အရောင်းစာရင်းတင်ထားခဲ့တာပါ။
အိပ်ခန်း ၅ ခန်းပါဝင်တဲ့ ယင်းနေအိမ်အနီးတွင် မိုဟာမက်ဆာလက်အပါအဝင် ပရီးမီးယားလိဂ်စတားအမြောက်အမြား နေထိုင်နေကြပါတယ်။
ဖာဂူဆန်ဟာ လက်ရှိအချိန်တွင် သားဖြစ်သူ ဒါရင်းရှိရာ ဆိပ်ငြိမ်တဲ့ ဂိုးစထရေးရွာရှိ ပေါင် ၁.၂ သန်း နေအိမ်တွင် နေထိုင်နေပါတယ်။