ငွေစက္ကူများအား ဆုတ်ဖြဲခြင်းနှင့်စာသားများရေးသားပါက ဥပဒေအရ အရေးယူမည်ဟု ဗဟိုထုတ်ပြန်

လက်ရှိ မြန်မာနိုင်ငံတွင်အသုံးပြုနေသည့် ငွေစက္ကူများအား ဆုတ်ဖြဲခြင်း နှင့် ငွေစက္ကူပေါ်တွင် စာသားများရေးသားပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကထုတ်ပြန်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၄၀၊ ပုဒ်မခွဲ(င)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းသုံးငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းနှင့် ပုဒ်မ ၆၂ တွင် ဗဟိုဘဏ်ကသာလျှင် ငွေစက္ကူနှင့် ဒင်္ဂါးများ ထုတ်ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ဥပဒေနှင့်အညီ ထုတ်ဝေထားသည့်ငွေစက္ကူများကို ဖြတ်တောက်ခြင်း၊ ဆုတ်ဖြဲခြင်း သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ပုံသဏ္ဌာန်ပျက်ယွင်းအောင် ပြုလုပ်ခြင်းများကို မပြုလုပ်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၉၉၊ ပုဒ်မခွဲ (က) တွင် ပြဋ္ဌာန်းတားမြစ်ထားကြောင်းသိရသည်။
မည်သူမဆို ယင်းတားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်သည်ဟု ပြစ်မှုထင်ရှားပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၃ အရ ငွေဒဏ်ဖြစ်စေ၊ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်သည်။
ထို့ပြင် ငွေစက္ကူပေါ်တွင် စာသားများရေးသားရေးခြစ်၍ နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ အများပြည်သူတည်ငြိမ်ရေးကိုဖြစ်စေ ထိခိုက်စေသည့်ပြစ်မှုကို ကျူးလွန်ချင်လာအောင် အများပြည်သူနှင့် အများပြည်သူ၏ သီးခြားလူစုကိုသော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် ကြံရွယ်ချက်ရှိလျှင် သို့မဟုတ် ဖြစ်စေတန်ရာသည့်အကြောင်းရှိလျှင် သို့မဟုတ် ပြစ်မှုကျူးလွန်လှုံ့ဆော်ခြင်းဖြစ်စေတန်ရာသည့် ကြံရွယ်ချက်ရှိလျှင် ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)အရထောင်ဒဏ် နှစ်နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရနိုင်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။
ပြည်သူများအနေဖြင့် နိုင်ငံတော်တစ်ဝန်းလုံးတွင် ကိုင်တွယ်သုံးစွဲနေသည့် ငွေစက္ကူများကို ဟောင်းနွမ်းပျက်စီးအောင် ကိုင်တွယ်အသုံးပြုမှုကို ရှောင်ရှားပြီး စနစ်တကျ ကိုင်တွယ်သုံးစွဲရန် နှင့် ရေရှည်အသုံးပြုနိုင်ရေးအတွက် ရိုသေစွာကိုင်တွယ်အသုံးပြုရန်၊နိုင်ငံတော်၏ ဂုဏ်သိက္ခာထိခိုက်စေမည့်ဆောင်ရွက်ချက်များအား ငွေစက္ကူများပေါ်တွင် မပြုလုပ်မိစေရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

image