အီရန်မှာ ဆန္ဒပြပွဲတွေအတွင်း လူရာပေါင်းများစွာ သေဆုံး၊ အမေရိကန်စစ်တပ် တိုက်ခိုက်လာရင် လက်တုံ့ပြန်မယ် သတိပေး
အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ရင် အီရန်က သတိပေးလိုက်ပါတယ်။ အီရန်အစိုးဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို အစိုးရရဲ့ နှိမ်နင်းမှုတွေ မြင့်တက်လာနေပြီး ဆန္ဒပြသူ ရာပေါင်းများစွာ သေဆုံးခဲ့တယ်လို့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
"ဒီမှာ အခြေအနေတွေက အရမ်းဆိုးနေတယ်" လို့ တီဟီရန်က သတင်းရင်းမြစ်တယောက်က ပြောပါတယ်။ "ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ အများကြီး သေဆုံးခဲ့ပါတယ်။ သူတို့က ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်နေကြတာ။ စစ်မြေပြင်လိုပါပဲ။ လမ်းတွေက သွေးတွေနဲ့ ပြည့်နေတယ်။ သူတို့က ထရပ်ကားတွေနဲ့ အလောင်းတွေကို ယူဆောင်သွားနေကြတယ်။" လို့ ဆိုပါတယ်။
ဘီဘီစီက တီဟီရန်အနီးက ရင်ခွဲရုံကနေ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်မှာတော့ အလောင်းအိတ် ၁၈၀ လောက်ကို ရှိနေပါတယ်။ ဆန္ဒပြသူ ၄၉၅ ယောက်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၄၈ ယောက် သေဆုံးတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
သောကြာနေ့ညတွင် ရက်ရှ်မြို့ရှိ ဆေးရုံတရုံကို အလောင်း ၇၀ သယ်ဆောင်လာခဲ့ကြောင်း BBC Persian သတင်းဌာနက အတည်ပြုခဲ့ပြီး တီဟီရန်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတယောက်ကတော့ ပြောကြားရာတွင် လူ ၃၈ ယောက်သေဆုံးခဲ့တယ်ဆိုပါတယ်။ လူငယ်တွေရဲ့ ဦးခေါင်းနဲ့ ရင်ဘတ်တွေကို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး အများစုက ဆေးရုံမရောက်ဘူးလို့ ဆိုပါတယ်။
နိုင်ငံတကာသတင်းဌာနတွေကတော့ အီရန်နိုင်ငံအတွင်းမှာ သတင်းယူနိုင်ခြင်းမရှိပါဘူး ။ အီရန်အစိုးရဟာ ကြာသပတေးနေ့မှစပြီး အင်တာနက်ဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်ရယူဖို့နဲ့ အတည်ပြုဖို့တို့ကို ခက်ခဲနေပါတယ်။
သီတင်းနှစ်ပတ်ကြာ မငြိမ်မသက်မှုတွေအတွင်း လူ တသောင်းကျော် ဖမ်းဆီးခံထားရပါတယ်။ ဆန္ဒပြသူတွေ သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အီရန်ကို တိုက်ခိုက်မယ်လို့ အမေရိကန်ပြည်ထောင်စုက ခြိမ်းခြောက်ထားပြီး သမ္မတ ဒေါ်နယ်ထရန့်ကတော့ လွတ်မြောက်ရေးကို ရှာဖွေနေသူတွေကို ကူညီဖို့ အသင့်ရှိတယ်လို့ ပြောပါတယ်။
ဒါပေမယ့် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲကိုဆိုကတော့ ထရန့်က အသေးစိတ်မပြောပါဘူး။ အီရန်အပေါ် စစ်ရေးအရ တိုက်ခိုက်မှုတွေအတွက် ရွေးချယ်စရာတွေရှိတယ်လို့ အစိုးရထိပ်တန်း တာဝန်ရှိသူတယောက်ကလည်း ထုတ်ဖော်ပြောကြားထားပါတယ်။
အမေရိကန်က တိုက်ခိုက်ပါက အစ္စရေးနဲ့ ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းနဲ့ သင်္ဘောဌာတွေဟာ တရားဝင်ပစ်မှတ်များ ဖြစ်လာလိမ့်မယ်လို့ အီရန်လွှတ်တော်ဥက္ကဋ္ဌက သတိပေးထားပါတယ်။ ငွေကြေးဖောင်းပွမှု မြင့်တက်လာတာကြောင့် စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေဟာ အီရန်ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ဘာသာရေးအုပ်ချုပ်မှုကို အဆုံးသတ်ဖို့ တောင်းဆိုမှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။