ဒဏ်ရာရရှိနေတဲ့ ကော်နာဘရက်ဒလေအား အရှက်တဖွယ် အပြုအမူ ပြုလုပ်ခဲ့မှုအတွက် မာတင်နယ်လီ တောင်းပန်လာ
=======================

အာဆင်နယ်တိုက်စစ်သမားဂါဘရီရယ်မာတင်နယ်လီဟာ မနေ့ညက လီဗာပူးနှင့်ပွဲတွင် ဒဏ်ရာရရှိနေတဲ့ နောက်ခံလူကော်နာဘရက်ဒလေကို ကွင်းအပြင်သို့ ဆွဲထုတ်ရန် ကြိုးပမ်းခဲ့မှုအတွက် တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ဘရက်ဒလေဟာ ကြာသပတေးနေ့ညတုန်းက အမ်းမရိတ်ကွင်းတွင် အာဆင်နယ်နှင့် ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင် ဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဘရက်ဒလေဟာ ပြေးလွှားစဉ် ချော်လဲကာ ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပြီး မာတင်နယ်လီက သူ့ကို ကွင်းအတွင်းမှ ဒေါသတကြီး ဆွဲထုတ်ရန် ကြိုးပမ်းခဲ့ပါတယ်။
Sky Sports တွင် ဘောလုံးပွဲဝေဖန်သူအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဂယ်ရီနဗီးလ်က မာတင်နယ်လီရဲ့ လုပ်ရပ်မှာ အရှက်စရာလုပ်ရပ် ဖြစ်ကြောင်း အပြင်းအထန် ဝေဖန်ပြောကြားခဲ့သလို တောင်းပန်သင့်ကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။
ဘရက်ဒလေဟာ လူနာတင်ထမ်းစင်ဖြင့် ကွင်းအပြင်သို့ ထွက်ခွာခဲ့ရပြီး ပွဲအပြီးတွင် ဂျိုင်းထောက်ဖြင့် အမ်းမရိတ်ကွင်းမှ အသင်းဘတ်စ်ကားသို့ ထွက်ခွာခဲ့ရပါတယ်။
မာတင်နယ်လီက "ကော်နာနဲ့ ကျွန်တော့်အကြား စကားပြောထားတာ ရှိပါတယ်။ ပြီးတော့ သူ့ကို တောင်းပန်ပြီးပါပြီ။ ပွဲရှိန်မြင့်တဲ့ကာလမှာ ဘယ်လိုကြောင်းကြောင့် သူ အပြင်းအထန် ဒဏ်ရာရသွားသလဲ ကျွန်တော် တကယ်ပဲ နားမလည်ပါဘူး။ ဒီတုံ့ပြန်မှုအတွက် တကယ်ပဲ တောင်းပန်ကြောင်း ပြောဆိုလိုပါတယ်။ အမြန်ဆုံးသက်သာလာပါစေလို့ ကော်နာအတွက် ဆုတောင်းပေးလိုက်ပါတယ်"လို့ ဆိုသွားပါတယ်။
တဖက်တွင် လီဗာပူးနည်းပြအန်းဆလော့ကမူ မာတင်နယ်လီမှာ ကော်နာဘရက်ဒလေ ဒဏ်ရာဘယ်လောက် ပြင်းထန်စွာ ရရှိသွားတယ်ဆိုတာ မသိမှုနှင့်အတူ ယင်းသို့ ပြုမူခဲ့ခြင်းဖြစ်မျှသာဖြစ်တယ်လို့ ဆိုထားပါတယ်။
မာတင်နယ်လီက ကော်နာဘရက်ဒလေအား ကွင်းအပြင်းသို့ ဆွဲထုတ်ရန် ကြိုးပမ်းမှုနှင့်အတူ နှစ်ဖက်အသင်းများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပါတယ်။ မာတင်နယ်လီဟာ ယင်းလုပ်ရပ်အတွင်း ဒိုင်လူကြီးရဲ့ အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

image