ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ရမည့် အချိန်အခါဖြစ်
ဒေသအလိုက် လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းပြီး တည်ငြိမ်အေးချမ်းရေးနှင့်ထာဝရငြိမ်းချမ်းရေးအတွက် ကြိုးစားဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်ကြောင်းကို အသိပေးမှာကြားကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။
ယနေ့ကျရောက်သည့် (၇၈) နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ယာယီသမ္မတ က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းကြရမည်သာဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တိုင်းရင်းသားဒေသအသီးသီးက လက်နက်အားကိုးဖြင့် နိုင်ငံအတွက် ကောင်းကျိုးမဖြစ်နိုင်သည့် တိုက်ခိုက်မှုများ တောင်းဆိုမှုများသည် ဒီမိုကရေစီနှင့်ဆန့်ကျင်သည့် အကြမ်းဖက်စနစ်သာဖြစ်ပြီး မိမိတို့တိုင်းရင်းသားများကို မိမိတို့ကိုယ်တိုင် ပြန်လည်ဒုက္ခပေးနေခြင်းပင်ဖြစ်သည့်အတွက် သတိထားဆင်ခြင်သုံးသပ်သင့်ကြောင်း ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင် ကပြောသည်။
ထို့ပြင် ပါတီစုံဒီမိုကရေစနစ်ခိုင်မြဲစေရန် ဒေသနှင့်တိုင်းရင်းသားများ အကျိုးကို တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရန်အတွက် တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်ရန် လိုအပ်ကြောင်းလည်း ယာယီသမ္မတကပြောသည်။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက်လည်း နိုင်ငံတစ်ဝန်းလုံးတည်ငြိမ်အေးချမ်းပြီး လက်နက်ကိုင်ပဋိပက္ခနှင့်အကြမ်းဖက်မှုများ ကင်းဝေးရန်လိုအပ်ကြောင်းနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ဆက်နိုင်မည်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောကြားထားသည်။
ထိုကြောင့် ပြည်နယ်အတွင်း ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် ပြည်နယ်အကျိုး၊ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အကျိုးကိုရှေးရှုပြီး တိုက်ပွဲများ ရပ်တန့်စေရေး ဆူပူအကြမ်းဖက်များ ပပျောက်စေရေးတို့ကို အလေးထားဆောင်ရွက်ကြရန် အချိန်ခါသင့်နေပြီဖြစ်ကြောင်း ယာယီသမ္မတက တိုက်တွန်းပြောကြားထားသည်။