Marinera သင်္ဘောအမှုထမ်းများအား အမေရိကန်က ရာဇဝတ်မှုဖြင့် တရားစွဲဆိုမည်ဟု အမေရိကန်ရှေ့နေချုပ်ပြောကြား
အမေရိကန် အာဏာပိုင်များသည် ဖမ်းဆီးထိန်းသိမ်းထားသည့် Marinera (Bella 1 ဟုလည်း သိကြသော) ရေနံတင်သင်္ဘောမှ သင်္ဘောအမှုထမ်းများအား ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အမေရိကန် ရှေ့နေချုပ် ပမ်ဘွန်ဒီ(Pam Bondi) က X လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။
သူမ၏ ပြောကြားချက်အရ အဆိုပါသင်္ဘောသည် "ဗင်နီဇွဲလားနှင့် အီရန်နိုင်ငံတို့မှ ပိတ်ဆို့အရေးယူခံထားရသော ရေနံများကို သယ်ယူပို့ဆောင်ပေးနေခြင်းဖြစ်သည်" ဟု သတင်းရရှိထားပြီး၊ သင်္ဘောအမှုထမ်းများသည် ဖမ်းဆီးခြင်းမခံရစေရန်အတွက် "အပြင်းအထန် ကြိုးပမ်းအားထုတ်မှုများ" ပြုလုပ်ခဲ့ကြသည်ဟု ဆိုသည်။
"ကမ်းခြေစောင့်တပ်ဖွဲ့၏ အမိန့်ကို လိုက်နာရန် ပျက်ကွက်ခဲ့သည့် အကျိုးဆက်အနေဖြင့် ဤသင်္ဘောရှိ အမှုထမ်းများအား အပြည့်အဝ စုံစမ်းစစ်ဆေးလျက်ရှိပြီး၊ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူအားလုံးကို ရာဇဝတ်မှုဖြင့် တရားစွဲဆိုသွားမည်ဖြစ်သည်" ဟု သူမက ပြောကြားခဲ့သည်။
"အလားတူ အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်ရန်အတွက် အခြားသော သင်္ဘောအချို့ကိုလည်း တရားရေးဝန်ကြီးဌာနက စောင့်ကြည့်လျက်ရှိသည်။ ကမ်းခြေစောင့်တပ်ဖွဲ့ သို့မဟုတ် အခြားသော ဖက်ဒရယ်အရာရှိများ၏ ညွှန်ကြားချက်ကို လိုက်နာရန် ပျက်ကွက်သည့် မည်သည့်သင်္ဘောပေါ်မှမဆို မည်သူ့ကိုမဆို စုံစမ်းစစ်ဆေးပြီး ဥပဒေအရ အပြင်းထန်ဆုံး အရေးယူသွားမည်ဖြစ်သည်" ဟု ရှေ့နေချုပ်က ဆက်လက်ပြောကြားခဲ့သည်။
အစောပိုင်းတွင် အိမ်ဖြူတော် သတင်းပြန်ကြားရေးအတွင်းရေးမှူး ကာရိုလင်းလဲဗစ်(Karoline Leavitt)က နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားရာ၌ အမေရိကန်ဖက်ဒရယ်ဥပဒေကို ချိုးဖောက်သည်ဟု ယူဆရသည့်အတွက် Marinera သင်္ဘောအမှုထမ်းများအား အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်လာပြီး တရားစီရင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း ပြောဆိုခဲ့သည်။
ပင်တဂွန်စစ်ဌာနချုပ်ကလည်း ရုရှားအလံလွှင့်ထူထားသည့် Marinera ရေနံတင်သင်္ဘောကို မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း အစောပိုင်းက ထုတ်ပြန်ခဲ့သည်။ ပင်တဂွန်အကြီးအကဲ ပိထ်ဟက်ဆက်(Pete Hegseth) က ရုရှားသင်္ဘောကို ဖမ်းဆီးခြင်းသည် ဗင်နီဇွဲလားရေနံအပေါ် ပိတ်ဆို့အရေးယူမှုနှင့် ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။
ယနေ့ အစောပိုင်းတွင် ရုရှားသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၇ ရက် မော်စကိုစံတော်ချိန် ညနေ ၃ နာရီခန့် (GMT ၀၀:၀၀ နာရီ) တွင် အမေရိကန်ရေတပ်အင်အားစုများသည် မည်သည့်နိုင်ငံ၏ ပိုင်နက်အတွင်းမှမဟုတ်သော နိုင်ငံတကာရေပိုင်နက်အတွင်း၌ အဆိုပါသင်္ဘောပေါ်သို့ တက်ရောက်စီးနင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့နောက်တွင် သင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။ ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေဆိုင်ရာ သဘောတူစာချုပ် (UNCLOS) ပါ ပြဋ္ဌာန်းချက်များအရ ပင်လယ်ပြင်သည် လွတ်လပ်စွာသွားလာခွင့်မူဖြင့် အုပ်ချုပ်ခြင်းဖြစ်ပြီး၊ အခြားနိုင်ငံတစ်ခု၏ လက်အောက်တွင် တရားဝင်မှတ်ပုံတင်ထားသော သင်္ဘောများကို မည်သည့်နိုင်ငံကမျှ အင်အားသုံး၍ အရေးယူပိုင်ခွင့်မရှိကြောင်း ဝန်ကြီးဌာနက အလေးပေးပြောကြားခဲ့သည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ရုရှားအလံတင် Marinera သင်္ဘောပေါ်သို့ အမေရိကန်တပ်ဖွဲ့ဝင်များ တက်ရောက်စီးနင်းခဲ့သည့် သတင်းများနှင့်ပတ်သက်၍ မော်စကိုအနေဖြင့် အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ အမေရိကန်ဘက်အနေဖြင့် သင်္ဘောအမှုထမ်းများအပေါ် သင့်လျော်ပြီး လူသားဆန်စွာ ဆက်ဆံရန်၊ ၎င်းတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို တိကျစွာ လိုက်နာရန်နှင့် ၎င်းတို့အား မိခင်နိုင်ငံသို့ အမြန်ဆုံးပြန်နိုင်ရေးအတွက် မည်သည့်အတားအဆီးမျှ မပြုလုပ်ရန် ရုရှားက တောင်းဆိုထားသည်။