ထရမ့်သည် ပူတင် နှင့် ရှီ တို့နှင့် ကောင်းမွန်သော "ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေး" ကို ဆက်လက် ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု အိမ်ဖြူတော်မျှော်လင့်

ဗင်နီဇွဲလားအပေါ် အရေးယူဆောင်ရွက်မှုများ ရှိနေသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် တို့နှင့် ကောင်းမွန်သော "ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်ဆံရေး" ကို ဆက်လက် ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု အိမ်ဖြူတော်က မျှော်လင့်ထားကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ကာရိုလင်းလဲဗစ် က ပြောသည်။
"ကျွန်မ ထင်တာကတော့ သမ္မတဟာ ရုရှားသမ္မတ ပူတင်၊ တရုတ်သမ္မတ ရှီတို့ နှစ်ဦးစလုံးနဲ့ အလွန်ပွင့်လင်းရိုးသားပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ အားလုံးသိတဲ့အတိုင်းပဲ သူဟာ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က သမ္မတ တာဝန်စတင်ယူကတည်းက သူတို့နဲ့ အကြိမ်ကြိမ် စကားပြောဆိုခဲ့ဖူးပါတယ်၊ အဲဒီ ပုဂ္ဂိုလ်ရေး ဆက်ဆံရေးတွေဟာ ဆက်ပြီး တည်ရှိနေလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်" ဟု ဗင်နီဇွဲလားအပေါ် အမေရိကန်၏ အရေးယူမှုများနှင့် ရုရှားအလံလွှင့်ထူထားသည့် Marinera ရေနံတင်သင်္ဘောကို အမေရိကန်က သိမ်းဆည်းလိုက်ခြင်းတို့က အမေရိကန်၊ ရုရှား နှင့် တရုတ်တို့အကြား ဆက်ဆံရေးအပေါ် မည်သို့သက်ရောက်နိုင်သနည်းဟု သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းရာ၌ သူမက ပြန်လည်ဖြေကြားခဲ့သည်။
သို့သော်လည်း လဲဗစ်၏ အဆိုအရ ထရန့်သည် "အမေရိကန်ပြည်ထောင်စုအတွက် အကောင်းဆုံးဖြစ်မည့် မူဝါဒကို ကျင့်သုံးသွားမည်" ဟု သိရသည်။ "သင်္ဘောများ သိမ်းဆည်းခြင်းနှင့် ပတ်သက်၍ ပြောရလျှင် ဗင်နီဇွဲလားရေနံများကို တရားမဝင် သယ်ယူပို့ဆောင်နေသည့် မှောင်ခိုသင်္ဘောများကိုသာ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အမေရိကန်က သတ်မှတ်ထားသည့် တရားဝင် ကုန်သွယ်မှုများကိုမူ ဆက်လက် ခွင့်ပြုသွားမည်ဖြစ်ကြောင်း" သူမက ပြောကြားခဲ့သည်။
"ဒါဟာ အမေရိကန်အစိုးရရဲ့ မူဝါဒဖြစ်ပြီး သူ (ထရမ့်) အနေနဲ့ ဒါကို အကောင်အထည်ဖော်ဖို့ နောက်တွန့်နေမှာ မဟုတ်ဘူး" ဟုလည်း သူမက အလေးပေး ပြောကြားခဲ့သည်။

image