မာဒူရိုလက်ထက်တွင် ဆွစ်ဇာလန်သို့ရွှေ ၁၁၃ တန် ဗင်နီဇွဲလားပို့ဆောင်ခဲ့

သမ္မတနီကိုလပ်စ်မာဒူရို အာဏာရရှိပြီး အစောပိုင်းကာလများအတွင်းဗင်နီဇွဲလားနိုင်ငံသည် ဆွစ်ဖရန့်ငွေ ၄ ဒသမ ၁၄ ဘီလီယံ (အမေရိကန်ဒေါ်လာ၅ ဒသမ ၂၀ ဘီလီယံ) တန်ဖိုးရှိ ရွှေသားများကို ဆွစ်ဇာလန်နိုင်ငံသို့ ပို့ဆောင်ခဲ့ကြောင်း ဇန်နဝါရီ ၆ ရက် သတင်းများတွင် ရေးသားတင်ပြထားသည်။
အကောက်ခွန် မှတ်တမ်းမှတ်ရာများအရ ဗင်နီဇွဲလားနိုင်ငံသည် မာဒူရိုစတင်အာဏာရရှိခဲ့ချိန် ၂၀၁၃ ခုနှစ်မှစ၍ ၂၀၁၆ ခုနှစ်အထိ ဆွစ်ဇာလန်နိုင်ငံသို့ရွှေသားမက်ထရစ်တန် ၁၁၃ တန် ရွှေ့ပြောင်း ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါရွှေများကို ဗင်နီဇွဲလားဗဟိုဘဏ်က ဆွစ်ဇာလန်နိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဆွစ်ဇာလန် ပြည်တွင်း မီဒီယာများက ထိုစဉ်ကာလကရေးသားဖော်ပြခဲ့ကြသည်။
သို့ရာတွင် ဥရောပသမဂ္ဂက ဗင်နီဇွဲလားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုများ ပြဋ္ဌာန်းခဲ့သည့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၅ ခုနှစ်အထိ ဗင်နီဇွဲလားနိုင်ငံကဆွစ်ဇာလန်နိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းမရှိတော့ပေ။
ဗင်နီဇွဲလားအနေဖြင့် အထက်ဖော်ပြပါ ရွှေသားမက်ထရစ်တန် ၁၁၃ တန်ကို ပြန်လည်သန့်စင်ရေးအတွက် ဆွစ်ဇာလန်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်နိုင်ကြောင်းသိရသည်။
အလားတူ အမေရိကန်ပြည်ထောင်စု၏ အရေးယူပိတ်ဆို့မှုများနှင့်ရင်ဆိုင်နေရချိန်တွင် ဗင်နီဇွဲလားဗဟိုဘဏ်အနေဖြင့် နိုင်ငံ့စီးပွားရေးကိုကျားကန်ထားနိုင်ရေးနှင့် နိုင်ငံခြားငွေရရှိရေးတို့အတွက် ၂၀၁၂ ခုနှစ်နှင့် ၂၀၁၆ခုနှစ်အတွင်း အရန်ရွှေများကို ထုတ်ရောင်းခဲ့ရဖူးကြောင်း လေ့လာသူများက
ပြောကြားထားသည်။

image