တိုင်းနှင့်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃၇နေရာ၌ ပြည်ခိုင်ဖြိုးပါတီ ၃၃ နေရာ အနိုင်ရ
-—-—-—-—-—-—-—-—-—-—-—-—-—-—
တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃၇) နေရာအတွက် ရွေးကောက်တင်မြှောက်ခံရသူတွေရဲ့ အမည် စာရင်းကို ဆက်လက်ထုတ်ပြန် ကြေညာရာမှာ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၃၃) နေရာနဲ့ အများဆုံး ရွေးကောက်တင်မြှောက်ခံရတယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ထုတ်ပြန်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ကြေညာချက်အရ သိရပါတယ်။
သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ကော်မရှင် အဖွဲ့ခွဲတွေက တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ် လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄၉ (ခ)နဲ့အညီ ရွေးကောက်တင်မြှောက် ခံရသူတွေရဲ့ အမည်စာရင်းကို ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ထုတ်ပြန်ရာမှာ မွန်ပြည်နယ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ကိုယ်စားလှယ် (၁၇) နေရာစလုံးမှာပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်တွေ ရွေးကောက်တင်မြှောက် ခံရပါတယ်။
ရှမ်းပြည်နယ် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ကိုယ်စားလှယ် (၁၂) နေရာမှာတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၉) နေရာ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် (၃) နေရာ ရွေး ကောက် တင်မြှောက်ခံရတယ်လို့ ကြေညာချက်အရ သိရပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP) ကိုယ်စားလှယ် (၈) နေရာမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၇) နေရာ နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ကိုယ်စားလှယ် ၁နေရာ ရွေးကောက် တင်မြှောက်ခံရတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်ထိ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် (၁၃၅) နေရာအတွက် ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ် (၁၀၈) နေရာနဲ့ အများဆုံး ရွေးကောက်တင်မြှောက် ခံထားရပြီး ရခိုင့်ဦးဆောင်ပါတီက ကိုယ်စားလှယ် (၅)နေရာ၊ ဇိုမီးအမျိုးသားပါတီ၊ နာဂအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများပါတီတို့က ကိုယ်စားလှယ် (၄)နေရာစီ၊ ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့က ကိုယ်စားလှယ် (၃)နေရာစီ၊ ပြည်သူ့ပါတီ၊ ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ၊ ချင်းပြည်သစ်ကွန်ဂရက်ပါတီနဲ့ အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ကိုယ်စားလှယ် ၁နေရာစီ ရွေးကောက်တင်မြှောက်ခံထားရတယ်လို့ သိရပါတယ်။