ပို့ကုန်ရငွေ၏၁၅ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေလဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၁၅ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ်သတ်မှတ်နှုန်းထားအတိုင်းမြန်မာကျပ်ငွေလဲလှယ်ဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇန်နဝါရီ၇ရက်မှာ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်၊ ဩဂုတ်၇ရက်က ပို့ကုန်ရငွေရဲ့ ၂၅ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းထားအတိုင်းမြန်မာကျပ်ငွေလဲလှယ်ဖို့ ထုတ်ပြန်ခဲ့ပြီး အခုအခါ ၁၅ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေလဲလှယ်ဖို့ လျှော့ချပြင်ဆင်သတ်မှတ်လိုက်တာပါ။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပို့ကုန်ရငွေကို ကျပ်ငွေလဲလှယ်ရမဲ့ ရာခိုင်နှုန်းကို လျှော့ချသတ်မှတ်ပေးမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာ၃၀ရက်က ကျင်းပခဲ့တဲ့ ကုန်သည်စက်မှုအသင်းချုပ်(၃၄)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်းက အမေရိကန်တစ်ဒေါ်လာကို ၂၁၀၀ကျပ်ဖြစ်ပါတယ်။