ကြိုတင်မဲပေးခြင်း နှင့် ရေတွက်ခြင်းများကို ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာဆောင်ရွက်ခဲ့ခြင်းဖြစ်ဟုဆို

၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်မဲပေးခြင်းနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းစဉ်အသေးစိတ်များကိုလည်း ရှင်းလင်းပြောကြားထားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင် ဥက္ကဌ ဦးသန်းစိုးကပြောသည်။
ယမန်နေ့ က နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်တို့ တွေ့ဆုံစဉ် ဥက္ကဌ ဦးသန်းစိုးက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကြိုတင်ဆန္ဒမဲပေးခြင်း၊ရေတွက်ခြင်း ၊မဲစာရင်းပြုစုခြင်း၊ ကပ်ထားကြေညာခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဥပဒေနည်းဥပဒေ လုပ်ထုံးလုပ်နည်းများ နှင့်အညီ နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကိုယ်စားလှယ်များ အသိသက်သေများ အများပြည်သူတို့ကို ဖိတ်ကြားပြီး ပွင့်လင်းမြင်သာစွာဖြင့် တိကျမှန်ကန်စွာဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ဦးသန်းစိုး ကပြောသည်၊
ဆန္ဒမဲစာရင်းများကိုလည်း အများပြည်သူသိရှိနိုင်ရန် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ့ရုံးများတွင် ကပ်ထားကြေညာထားပြီးဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိရွေးကောက်ပွဲအပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်နေ့က ကျင်းပခဲ့ပြီးဖြစ်ပြီး အပိုင်း(၂)ကို ဇန်နဝါရီ ၁၁ ရက်နှင့် အပိုင်း(၃) ကို ဇန်နဝါရီ (၂၅)ရက်နေ့ ၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။