ရန်ကုန် ပြည်လမ်း နှစ်နေရာမှာ တချိန်တည်း မော်တော်ယာဉ် ဆင့်တိုက်မှုတွေ ဖြစ်ပွား

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ Novotel Hotel ရှေ့နဲ့ စိုက်ပျိုးရေး မှတ်တိုင်နားမှာ မနေ့ ဇန်နဝါရီ ၄ ရက်၊ ညပိုင်းက တချိန်တည်း ယာဉ်ဆင့်တိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ တက္ကစီယာဉ်မောင်းတွေနဲ့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။
မနေ့က ည ၈ နာရီခွဲဝန်းကျင်က Novotel Hotel ရှေ့မှာ မော်တော်ယာဉ် လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့သလို စိုက်ပျိုးရေးမှတ်တိုင်နားက လူကူးမျဥ်းကျားမှာလည်း ယာဉ် သုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“စိုက်ပျိုးရေး မှတ်တိုင်နားက ယာဉ်တိုက်မှုမှာတော့ လူတယောက် ထိထားတာတွေ့တယ်။ မစိုးရ ဒဏ်ရာလောက်ပဲ။ ခေါင်းနဲ့မှန်နဲ့ ဆောင့်မိတာ” လို့ တက္ကစီယာဉ်မောင်း တယောက်က ပြောပါတယ်။
အဲဒီ ပြည်လမ်းပေါ်မှာ ညပိုင်းအချိန်ရောက်ပါက ကားတွေ အရှိန်နဲ့ မောင်းနှင်တတ်ကြပြီး အခုလို ယာဉ်တိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
“အားလုံးက အရှိန် နဲ့မောင်းကြတာပါ။ တယောက်ယောက်က တလွဲလုပ်လိုက်ရင် အခုလို ဆက်တိုက် တိုက်မိတော့တာပါပဲ။ မနေ့ညက Novotel ရှေ့ ယာဉ်ဆင့်တိုက်မှုကလည်း အရှေ့ဆုံးကကားက လူတွေ လမ်းဖြတ်ကူးတာရှိလို့ ကားကို ရပ်လိုက်တာ။ သူ့နောက်က ကားတွေက အရှိန်တအားပါနေတော့ တိုက်မိကြတာ” လို့ မျက်မြင် တွေ့ရှိသူတယောက်က ပြောပါတယ်။
ရန်ကုန်မြို့မှာ အခုလို ယာဉ်မတော်တဆမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့ကလည်း ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှေ့မှာ ကားခြောက်စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း မရမ်းကုန်းမြို့နယ်၊ ပါရမီလမ်း၊ ချော်တွင်းကုန်းမီးပွိုင့် အနီးမှာ ရပ်ထားတဲ့ ကားသုံးစီးကို အိမ်စီးကား တစီးက ဝင်ရောက်တိုက်မိမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလိုပဲ ဇွန်လ ၁၅ ရက်နေ့ကလည်း အင်းစိန်မြို့နယ်၊ သံလမ်းမှတ်တိုင်အနီးမှာ YBS (၆၁) ယာဥ်တစီးက ရပ်ထားတဲ့ ကိုယ်ပိုင်ကား တစီးကို ဝင်ရောက် တိုက်မိခဲ့ရာမှ ကားသုံးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။