စစ်တွေမြို့အနီးမှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားနေ
ရခိုင်ပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ စစ်တွေမြို့ အနီးဝန်းကျင်မှာ အခုရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ AA တို့ တိုက်ပွဲပြန်လည် ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၊ ရွေးကောက်ပွဲ ကာလကစပြီး စစ်တွေမြို့မှာ တိုက်ပွဲတွေ ငြိမ်သက်ခဲ့ပေမယ့် အခု ၂၀၂၆ ခုနှစ်၊ နှစ်စပိုင်းမှာ ပစ်ခတ်သံတွေ ပြန်လည် ကြားလာရတာဖြစ်ပြီး လက်ရှိမှာတော့ မြို့အနီးက အမြင့်ကျွန်းရွာ တံတားထိပ်စခန်း၊ ဝါဘိုစခန်းနဲ့ ကျားမသောက် စခန်းတွေမှာ တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
“AA က နေရာ သုံးနေရာကို နေ့ရော၊ ညပါ ဝင်တိုက်နေတယ်။ ဇန်နဝါရီ ၁ ရက်နေ့ကတည်းက စစ်တွေ ဒကစ (ဒေသကွပ်ကဲမှု စစ်ဌာနချုပ်) ဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ် အသံတွေ ဆက်တိုက် ကြားလာရတာ။ အမြင့်ကျွန်းရွာ ဆိုတာကလည်း ဒီ စစ်တွေမြို့ရဲ့ ဝင်ပေါက်ပဲ။ ဒီနေ့လည်း ပစ်ခတ်သံတွေ အနီးကပ် ကြားနေရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးအပြင် ဒရုန်း အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိနေတာကြောင့် ဒေသခံတွေအနေနဲ့ မြို့ရဲ့ လက်ရှိ လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။
“မြို့ထဲကနေတောင် တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေက မီးခိုးတွေ၊ အပျက်အစီးတွေကို လှမ်းမြင်နေရတယ်။ မြို့ခံ တော်တော်များများကတော့ တခုခုဆိုတာနဲ့ ရှောင်နိုင်ဖို့ အထုပ်အပိုးတွေ ပြင်ပြီးကြပြီ” လို့ သူက ပြောပါတယ်။
အခုလို စစ်တွေမြို့ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပေမယ့် အစိုးရတပ်ကတော့ လာမယ့် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်မယ့် စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့် အထိမ်းအမှတ်ပွဲအတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆောင်ရွက်နေပြီး တဖက်မှာလည်း လုံခြုံရေးတွက် အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါအပြင် ရခိုင်ပြည်တွင်းရှိ တိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းကနေစပြီး ပိတ်ထားခဲ့တဲ့ စစ်တွေပွိုင့် ကမ်းခြေကိုလည်း ပြန်လည် ဖွင့်လှစ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စစ်တွေမြို့အပြင် ပုဏ္ဏားကျွန်း၊ ငပလီ၊ သံတွဲ၊ ရသေ့တောင်နဲ့ ပေါက်တော မြို့နယ်တွေမှာလည်း စစ်ရေး လှုပ်ရှားမှုတွေ ရှိနေပြီး လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်မှုတွေအပြင် လေကြောင်း တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ အစိုးရတပ်ဟာ AA ထိန်းချုပ်ရာ နေရာတွေဖြစ်တဲ့ စစ်တွေက ဝါဘို၊ မြစ်နား၊ မင်းလှ စတဲ့ ကျေးရွာတွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ် အစပ်က စပါးထား၊ အောင်မြေကုန်း စတဲ့ ကျေးရွာတွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်နေသလို AA ဘက်ကလည်း စစ်တွေ ဒကစ အပါဝင် မြို့အနီးက အစိုးရ တပ်ရင်းတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ သိရပါတယ်။