အမေရိကန် စီးနင်းမှုအတွင်း မာဒူရို၏ သက်တော်စောင့် အများအပြား သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီးပြော

စနေနေ့က ပြုလုပ်ခဲ့သော အမေရိကန်၏ ဝင်ရောက်စီးနင်းမှုအတွင်း ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် သမ္မတ နီကိုးလပ်စ်မာဒူရို၏ သက်တော်စောင့် အများအပြား သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလား ကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါဒရီနိုလိုပက်ဇ်က ယမန်နေ့တွင် ပြောကြားသည်။
“သူ့ရဲ့လုံခြုံရေးအဖွဲ့ဝင် အများအပြား၊ စစ်သည်တွေနဲ့ အပြစ်မဲ့ အရပ်သားတွေကို သွေးအေးအေးနဲ့ သတ်ဖြတ်ခဲ့ကြတယ်" ဟု လိုပက်ဇ်က ရုပ်သံမိန့်ခွန်းတစ်ခုတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
သမ္မတ မာဒူရိုနှင့် ဇနီးဖြစ်သူ စီလီယာ ဖလောရက်စ် တို့ကို ဖမ်းဆီးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်သည် ပထဝီနိုင်ငံရေး တည်ငြိမ်မှုကို ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်သည်ဟုလည်း ၎င်းက သတိပေးလိုက်သည်။
“ဒါဟာ ကမ္ဘာ့အစီအစဉ် အတွက် စစ်မှန်တဲ့ ခြိမ်းခြောက်မှုတစ်ခုကို ကိုယ်စားပြုနေပါတယ်။ ဒီနေ့ ဗင်နီဇွဲလားဖြစ်ခဲ့ရင်၊ မနက်ဖြန်မှာ တခြားဘယ်နိုင်ငံ၊ ဘယ်ပြည်နယ်မဆို ဖြစ်သွားနိုင်ပါတယ်” ဟု လိုပက်ဇ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။
ထို့ပြင် ထရမ့်အစိုးရ၏ နိုင်ငံခြားရေးမူဝါဒကို ၎င်းက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခဲ့သည်။
“လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတွေအပေါ် မွန်ရိုးဝါဒ စိတ်ဓာတ်နဲ့ သွတ်သွင်းချင်နေတဲ့ နယ်ချဲ့ဝါဒီ အတွေးအခေါ်တွေကို ကျွန်တော်တို့ ပယ်ချပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အမေရိကန်၏ ဖမ်းဆီးခြင်း ခံထားရသည့် မာဒူရိုနှင့် ဇနီးတို့ကို ချက်ချင်း ပြန်လွှတ်ပေးရန်လည်း တနင်္ဂနွေနေ့တွင် လိုပက်ဇ်က တောင်းဆိုလိုက်သည်။
“သမ္မတကတော်ကို ပြန်လွှတ်ပေးဖို့နဲ့ ကျွန်တော်တို့ရဲ့ စစ်သေနာပတိချုပ်ဖြစ်တဲ့ သမ္မတကြီးကို ပြန်လွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ ဗင်နီဇွဲလားနိုင်ငံရဲ့ အချုပ် အခြာအာဏာအပေါ် ထိပါးပြီး အခု ဖြစ်ပျက်နေတာတွေ အားလုံးကို သတိပြုမိကြဖို့လည်း တိုက်တွန်းလိုပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။