စိတ်ကျန်းမာရေးအခြေအနေကြောင့် နားခဲ့ရပြီးနောက် ဘာစီလိုနာနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်တဲ့ ရော်နယ်အရူဂျို
========================
ရော်နယ်အရူဂျိုဟာ စိတ်ကျန်းမာရေးအခြေအနေကြောင့် အနားယူခဲ့ရပြီးနောက် ဘာစီလိုနာနှင့်အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလည်း ဖြစ်ပါတယ်။
အသက် ၂၆ နှစ်ရှိ ဥရုဂွေးလက်ရွေးစင်ဗဟိုနောက်ခံလူဟာ နိုဝင်ဘာလတုန်းက ချဲလ်ဆီးနှင့်ပွဲစဉ်တွင် အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် ဘောလုံးအား ပြန်လည်အာရုံစိုက်နိုင်ရန်နှင့် အကောင်းဆုံးပုံစံ ပြန်လည် ရရှိရေး နားခွင့်တောင်းဆိုခဲ့ပါတယ်။
ယခုအခါ သူဟာ ဘာစီလိုနာနှင့်အတူ ပြန်လည်ပူးပေါင်းကာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလည်း ဖြစ်ပါတယ်။
ဥရုဂွေးနောက်ခံလူဟာ ကိုယ့်ကိုယ်ကို ပြန်လည်ရှာတွေ့ရေးအတွက် ဒီဇင်ဘာလတုန်းက အစ္စရေးနိုင်ငံရှိ ဘာသာရေးဆိုင်ရာနေရာများသို့ သွားရောက်ကာ ဘုရားဖူးခဲ့ပါတယ်။
ယခုရာသီတွင် ၁၅ ပွဲကစားတဲ့ အရူဂျိုဟာ ဘာစီလိုနာနှင့် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပေမယ့်လည်း ပွဲကစားရန် လုံလောက်တဲ့ ကြံ့ခိုင်မှုပြည့်ဝရေးအတွက် အချိန်ယူရပါဦးမယ်။
ဒါ့အပြင် ဘာစီလိုနာအတွက် သတင်းကောင်းက ဒါနီအိုလ်မိုနှင့် ပီဒရိုတို့ ကြံ့ခိုင်မှု ရာနှုန်းပြည့် ပြည့်ဝကာ အက်စ်ပန်ညိုအား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ကတ်တလန်ဒါဘီပွဲစဉ်တွင် ပါဝင်ကစားလာနိုင်တာ ဖြစ်ပါတယ်။ ဒါနီအိုလ်မိုမှာ လူစားဝင်ရောက်ကစားပြီးနောက် ဘာစီလိုနာအတွက် အဖွင့်ဂိုးကိုပါ သွင်းယူနိုင်ခဲ့ပါတယ်။