ကလပ်ရဲ့ဘုတ်အဖွဲ့ကို တိုက်ခိုက်ပြောဆိုပြီးနောက် ယူနိုက်တက်နည်းပြအနာဂတ် မရေမရာ ဖြစ်လာတဲ့ ရူဘင်အမိုရမ်
=====================
ရူဘင်အမိုရမ်ဟာ ကလပ်ရဲ့ဘုတ်အဖွဲ့ဝင်များကို ဝေဖန်ပြောဆိုမှု ပြုလုပ်ပြီးနောက် ယူနိုက်တက်နည်းပြရာထူးအနာဂတ် မရေမရာ ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။
ပေါ်တူဂီလူမျိုးနည်းပြဟာ တနင်္ဂနွေနေ့တုန်းက လိဒ်နှင့် တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်အပြီးတွင် ယူနိုက်တက်ဘုတ်အဖွဲ့ကို တိုက်ခိုက်ပြောဆိုမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ အမိုရမ်က နည်းပြချုပ်ဆိုတဲ့ ရာထူးခေါင်းစဉ်အား စောဒကတက်ခဲ့တာ ဖြစ်ပြီး ၎င်းမှာ မန်နေဂျာဖြစ်ကြောင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စပို့တင်းလစ္စဘွန်းနည်းပြဟောင်းဟာ ဘုန်းမောက်တောင်ပံကစားသမားအန်တိုနီဆီမန်ယိုအား ခေါ်ယူရေး မအောင်မြင်ခဲ့ပြီးနောက် ဘောလုံးဒါရိုက်တာဂျေဆင်ဝဲလ်ကော့စ်အား နောက်ထပ် ခပ်ပါးပါး တိုက်ခိုက်ခဲ့ပါသေးတယ်။
သူဟာ ယူနိုက်တက်ရာထူးမှ နုတ်ထွက်မည်မဟုတ်ကြောင်း ကတိပြုခဲ့သလို အပြောင်းအရွှေ့ဈေးကွက် လုပ်ဆောင်မှုအတွက် ပိုမိုထိန်းချုပ်ခွင့်လည်း တောင်းဆိုလာပါတယ်။
၎င်းက "မန်ချက်စတာယူနိုက်တက်မန်နေဂျာလုပ်ဖို့ ဒီကို ရောက်လာတာပါ။ မန်ချက်စတာယူနိုက်တက်နည်းပြလုပ်ဖို့ ရောက်လာတာ မဟုတ်ပါဘူး။ ပြီးတော့ ဒါက ရှင်းရှင်းလေးပါ။ ကျွန်တော့်အမည်က တူချယ်မဟုတ်ဘူး၊ ကွန်တီမဟုတ်ဘူး၊ မော်ရင်ဟိုမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်က မန်ချက်စတာယူနိုက်တက်မန်နေဂျာပါ။ ပြီးတော့ ဒီအတိုင်း ၁၈ လသွားမယ်၊ ပြီးရင် ဘုတ်အဖွဲ့က အပြောင်းအလဲလုပ်ချင်လည်း လုပ်ပါလိမ့်မယ်။ ကျွန်တော့်ဘက်ကတော့ ဒါကို အဆုံးသတ်အောင် လုပ်ချင်တယ်။ နုတ်ထွက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော့်နေရာကို အစားထိုးမယ့်သူ ရောက်မလာခင်အထိ ကျွန်တော့်အလုပ်ကို လုပ်သွားမယ်။ ဒီအသင်းရဲ့မန်နေဂျာအဖြစ်ပဲ လုပ်သွားချင်တယ်လို့ ပြောချင်တယ်။ နည်းပြလုပ်ချင်တာ မဟုတ်ပါဘူး။ ဒါက ကျွန်တော့်အလုပ်ပါ။ နည်းပြလုပ်ဖို့ မဟုတ်ပါဘူး။ တကယ်လို့ လူတွေက ဂယ်ရီနဗီးလ်နဲ့ ဝေဖန်မှုအားလုံးကို မကိုင်တွယ်နိုင်ဘူးဆိုရင်တော့ ကလပ်ကို အပြောင်းအလဲလုပ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်မန်နေဂျာလုပ်ဖို့ ဒီကို ရောက်လာတာပါ။ နည်းပြလုပ်ဖို့ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ဆီမန်ယိုအား ခေါ်ယူရေး ပြင်ဆင်ခဲ့ပေမယ့် မန်စီးတီးက ကြားဝင် လုပ်ဆောင်လာမှုနှင့်အတူ အီတီဟတ်သို့ ခေါ်ယူရေး နီးစပ်သွားပြီ ဖြစ်ပါတယ်။
တဖက်တွင် အမိုရမ်အနေဖြင့် ဆီမန်ယိုအား ခေါ်ယူလိုသလား (ဒါမဟုတ်) အခြားနေရာကို အားဖြည့်လိုသလားဆိုတာကို အတိအကျ မသိပါဘူး။
ယူနိုက်တက်ဟာ ကွင်းလယ်ကို အပြောင်းအလဲ ပြုလုပ်ရန် စီစဉ်ထားပေမယ့်လည်း နွေရာသီတွင်မှ ပြုလုပ်လာဖို့ ရှိပါတယ်။
ယူနိုက်တက်ဟာ နောက်ဆုံး ၁၁ ပွဲတွင် ၃ ပွဲတည်းသာ အနိုင်ရထားပြီး နောက်ဆုံး ၂ ပွဲတွင် အရေးပါတဲ ကစားသမား ၈ ဦး မပါဝင်ဘဲ ရင်ဆိုင်ခဲ့ရတာပါ။
ယူနိုက်တက်ဟာ ရလဒ်ဆိုးရွားနေပေမယ့်လည်း လိဒ်နှင့်ပွဲတွင် ရမှတ်တစ်မှတ် ရရှိပြီးနောက် အဆင့် ၅ နေရာတွင် ရပ်တည်ထားနိုင်ပါတယ်။
အမိုရမ်ဟာ သူ့အား ထုတ်ပယ်ခြင်း (သို့မဟုတ်) အားပေးထောက်ခံခြင်း ပြုလုပ်ရန် မပြောဆိုမီ အပြောင်းအရွှေ့ဈေးကွက်လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ကလပ်ကို ခပ်ပါးပါး ဝေဖန်ခဲ့သူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလတုန်းက ဘရူနိုဖာနန်ဒက်စ်အား ခေါ်ယူပြီးနောက်ပိုင်းတွင် ဆောင်းရာသီဈေးကွက်မှာ လှုပ်ရှားလေ့သိပ်မရှိပါဘူး။
ယမန်နှစ်ဆောင်းရာသီ ခေါ်ယူမှုအဖြစ် ပြုလုပ်ခဲ့တဲ့ ပက်ထရစ်ဒေါ်ဂူနှင့် အေဒန်ဟဲဗင်းတို့မှာ အမိုရမ်ရဲ့ ထောက်ခံချက်ဖြင့် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။