အီရန်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြမ်းဖက်သတ်ဖြတ်ရင် ကယ်တင်မယ်လို့ ဒေါ်နယ်ထရန့်သတိပေး
အီရန်အာဏာပိုင်တွေအနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်ပြီး အကြမ်းဖက်သတ်ဖြတ်ပါက အမေရိကန်က လာရောက်ကယ်တင်မယ်လို့ ဒေါ်နယ်ထရန့်က သတိပေးပြောကြားလိုက်ပါတယ်။
မိမိတို့အနေနဲ့ ပစ္စည်းတွေအပြည့်တင်ထားပြီး သွားဖို့ အသင့်ဖြစ်နပြီလို့ ထရန့်က သတိပေးပြောဆိုပါတယ်။ ဒါပေမယ့် ဘယ်လိုအရေးယူဆောင်ရွက်မယ်ဆိုတဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကိုတော့ ပြောဆိုခြင်းမရှိပါဘူး။
အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ အကြီးတန်းအကြံပေးတယောက်ကတော့ ထရန့် ဝင်ရောက်စွက်ဖက်ပါက သတိထားသင့်တယ်လို့ တုံ့ပြန်ခဲ့ပြီး အရှေ့အလယ်ပိုင်းတဝန်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။
အီရန်မှာ စီးပွားရေးအခြေအနေတွေ ဆိုးရွားလာတာကြောင့် ဖြစ်ပေါ်လာတဲ့ တပတ်နီးပါးကြာ ဆန္ဒပြပွဲတွေအပြီးမှာ အနည်းဆုံး လူရှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဆန္ဒပြသူအချို့ကတော့ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကြိုဆိုတယ်လို့ ဆိုပါတယ်။
"အီရန် လုံခြုံရေးတပ်ဖွဲ့တွေက မစ္စတာထရန့် တခုခုပြောတဲ့ အခါ သို့မဟုတ် မစ္စတာဘင်ဂျမင်နေတန်ယာဟု တခုခုပြောတဲ့အခါ ကြောက်ရွံ့တုန်လှုပ်ကြတယ်" လို့ တီဟီရန်မှာ ဆန္ဒပြနေတဲ့ အမျိုးသမီးငယ်တယောက်က ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ဖမ်းဆီး ထိန်းသိမ်းထားစဉ် သေဆုံးခဲ့တဲ့ အမျိုးသမီးငယ် မာဆာ အမီနီ သေဆုံးမှုမှ ပေါ်ပေါက်လာတဲ့ အုံကြွမှုနောက်ပိုင်း လက်ရှိ ဆန္ဒပြပွဲတွေဟာ အီရန်မှာ အကျယ်ပြန့်ဆုံးဖြစ်ပါတယ်။
ဇွန်လမှာတော့ အမေရိကန်ပြည်ထောင်စုဟာ ဒေါ်နယ်ထရန့်ရဲ့ အမိန့်အရ အီရန် နျူကလီးယားစက်ရုံတွေကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူကလီးယားစွမ်းရည် လျော့ကျသွားပြီလို့ အမေရိကန်တာဝန်ရှိသူတွေက ပြောဆိုထားပေမယ့် အီရန်ကတော့ ငြင်းဆိုပါတယ်။ ဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဟာ ကာတာရှိ အမေရိကန်စစ်စခန်းကြီးတခုကို ဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ပါတယ်။