ဘောလုံးလောကမှ နုတ်ထွက်ကာ McDonalds တွင် တာဝန်ထမ်းဆောင်လာတဲ့ ဘွန်ဒက်စ်လီဂါနည်းပြဟောင်း
=======================

ဘွန်ဒက်စ်လီဂါနည်းပြဟောင်းအလက်ဇန္ဒားနူရီဟာ နည်းပြလောကမှ နုတ်ထွက်ကာ McDonalds စားသောက်ဆိုင်နှစ်ဆိုင်အား ကြီးကြပ်တဲ့တာဝန်ပြောင်းထမ်းဆောင်လာပါတယ်။
ဂျာမန်-အီရန်နွယ်ဖွားနူရီဟာ ဘောလုံးလောကတွင် ၁၄ နှစ်တိုင်တိုင် ကျင်လည်ပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခဲ့သူပါ။
သူဟာ ၂၀၁၆ ခုနှစ်တွင် လက်ရှိ ဂျာမနီလက်ရွေးစင်အသင်းနည်းပြဂျူလီယန်နာဂျယ်မန်းနှင့်အတူ နည်းပြလိုင်စင် အတူတူ ရရှိခဲ့သူပါ။
သူဟာ ကစားသမားဘဝစတင်ရာ ဝါဒါဘရီမင်၊ အက်ဖ်စီအင်ဂိုစတက်တို့အား တာဝန်ထမ်းဆောင်ခဲ့သလို ဟာသာဘာလင်အသင်းကိုလည်း ယာယီနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
သူဟာ ဝါဒါဘရီမင်အသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်ခဲ့ဖူးတဲ့အပြင် ၁၁ ပွဲဆက် ရှုံးပွဲမရှိ(၉ပွဲနိုင်) မှတ်တမ်းဖြင့် ဥရောပဝင်ခွင့်ရလုနီးပါး ဖြစ်အောင် ဦးဆောင်ဖူးပါတယ်။
ဒါပေမယ့် သူဟာ ၂၀၂၂ ခုနှစ်တုန်းက ဂရိကလပ် ကာဗာလာကို နောက်ဆုံးကိုင်တွယ်ပြီးနောက် မန်နေဂျာဘဝ ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်လာပါတယ်။
ယခု သူဟာ ဘောလုံးကလပ်အား မန်နေဂျာမလုပ်ဘဲ ယနေ့ နှစ်သစ်ကူးနေ့မှ စတင်ကာ ဂျာမနီနိုင်ငံ၊ ရိုင်း-ဝက်စ်ဖာလီယာမြောက်ပိုင်းမှ မြို့ငယ်လေး ဟာဇိုဂန်ရက်ရှိ McDonalds စားသောက်ဆိုင် ၂ ဆိုင်အား ကြီးကြပ်လာပါမယ်။
ဂျာမန်သတင်းစာ Süddeutsche Zeitung နှင့်အင်တာဗျူးတွင် နူရီက "ကမ္ဘာနှစ်ခုလုံးမှာ လူတွေကို ဦးဆောင်ရတာပါပဲ။ ဘောလုံးမှာ ကစားသမား။ ဒီမှာတော့ ဝန်ထမ်းတွေကိုပေါ့။ ဒါပေမယ့် အခြေခံအားဖြင့်က အတူတူပါ။ ကိုယ့်ရှေ့မှာ ဘယ်သူထိုင်နေလဲ နားလည်ဖို့လိုတယ်။ ဘယ်လို စိတ်တက်ကြွအောင် လုပ်မလဲ။ သူတို့ ကိုယ်စွမ်းကိုယ်စ ထွက်လာအောင် ဘယ်လိုလုပ်မလဲ"လို့ ပြောကြားသွားပါတယ်။