ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကို ပအိုဝ်းပါတီ အနိုင်ရ

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ တောင်ကြီးမြို့ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ်နေရာကို ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက အပြတ် အသတ် အနိုင်ရသွားပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီး နောက်ရက်မှာ ထွက်ပေါ်လာတဲ့မဲ ရလဒ်တွေအရ ပြည်ခိုင်ဖြိုးပါတီက ဝင်ပြိုင်တဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က မဲရလဒ် (၅၂၃၈၄) မဲရခဲ့ပြီး ပအိုဝ်းအမျိုးသားပါတီက မဲရလဒ် (၆၈၁၀၆) မဲနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ ဝင်ပြိုင်တဲ့ ဟိုပုံး၊ လွိုင်လင်၊ တောင်ကြီးမြို့တွေမှာ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော်တွေမှာ အနိုင်ရထားတယ်လို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတာဝန်ရှိသူ စောခွန်ကျော်ဝင်းက ပြောပါ တယ်။
လင်းခေးမြို့နယ်မှာတော့ ကျားဖြူပါတီက တစ်နေရာ အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) အတွင်း ပါဝင်တဲ့ ရှမ်းပြည်နယ်အတွင်းက မြို့နယ် ၁၂ ခုထဲက သုံးခုမှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီက အနိုင်ရခဲ့ပြီး ကျန်မြို့နယ်တွေမှာ ပြည်ခိုင်ဖြိုးပါတီက အနိုင်ရထားပါတယ်။