ယခုလအစောပိုင်းရှုံးပွဲအား လောင်စာအသုံးပြုကာ ဗီလာကို ကလဲ့စားချေရေး ကြိုးပမ်းကြရန် အာတီတာ တိုက်တွန်းလာ
======================
မီခေးလ်အာတီတာက ယခုလအစောပိုင်းတုန်းက ဗီလာပါ့ခ်တွင် ရှုံးနိမ့်ခဲ့မှုအား လောင်စာအဖြစ် အသုံးချကာ ယနေ့ည အမ်းမရိတ်ကွင်းတွင် အက်စတွန်ဗီလာကို ကလဲ့စားချေရေး ကြိုးပမ်းကြရန် အာဆင်နယ်စတားများကို တိုက်တွန်းလာပါတယ်။
အာဆင်နယ်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့တုန်းက ဗီလာပါ့ခ်တွင် ဘူအန်ဒီအာရဲ့ နောက်ဆုံးမိနစ်ဂိုးကြောင့် အက်စတွန်ဗီလာကို ၂-၁ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
အာဆင်နယ်ဟာ ယနေ့ညတွင် အမ်းမရိတ်ကွင်းမှာ အက်စတွန်ဗီလာကို ဧည့်ခံကစားရမှာ ဖြစ်ပြီး အာတီတာက ယခုလအစောပိုင်း ရှုံးပွဲနာကျင်မှုအား အသုံးချကာ ကလဲ့စားချေစေလိုနေပါတယ်။
အာတီတာက "စိတ်အားထက်သန်မှုနဲ့ ဒေါသကို နည်းမှန်လမ်းမှန်သုံးရမယ်။ ကျွန်တော့်မှာ စိတ်ကူးတချို့ ရှိတယ်။ ပိုကောင်းလုပ်ရမယ့်အရာတွေ ရှိတယ်။ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတဲ့ပုံစံ ရက်စက်ကြမ်းကြုတ်တယ်။ ဒါပေမယ့် သင်ခန်းစာလည်း ယူခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်ဟာ ဗီလာကို ရှုံးနိမ့်ပြီးနောက် နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲမရှိထားပါဘူး။ အာဆင်နယ်ဟာ ယနေ့ညအနိုင်ရရှိလာပါက တတိယနေရာမှ ဗီလာကို ၆ မှတ်ဖြတ်ကာ ဦးဆောင်လာပါမယ်။ ဒါ့အပြင် အာဆင်နယ်ဟာ နှစ်သစ်ကူးနေ့တွင် ဆန်းဒါးလန်းအား အဝေးကွင်းသို့ သွားကစားရမယ့် မန်စီးတီးကိုလည်း ၅ မှတ်ဖြတ်လာနိုင်ပါမယ်။
အာဆင်နယ်ဟာ မေလတုန်းက ဘုန်းမောက်ကို အမ်းမရိတ်တွင် ရှုံးနိမ့်ပြီးနောက် ယခုရာသီတွင် အိမ်ကွင်းရှုံးပွဲမရှိထားပါဘူး။
တဖက်တွင် အက်စတွန်ဗီလာမှာလည်း နောက်ဆုံးပြိုင်ပွဲအရပ်ရပ် ၁၁ ပွဲဆက် နိုင်ပွဲ ရထားသလို ပရီးမီးယားလိဂ် ၈ ပွဲဆက်နိုင်ပွဲရထားပါတယ်။
ဆက်လက်ပြီး အာတီတာက "ဒါက ကျွန်တော်တို့ လိုချင်တဲ့အရာပါ။ ဘယ်လို ပြိုင်ဘက်ပဲ ဒီကိုလာလာ နာကျင်ရမယ်။ တကယ့်ကို ခက်ခဲတဲ့ပွဲတစ်ပွဲ ကစားရမှာပါ။ သူတို့အဆင့်ကို ကျွန်တော်တို့ သိတယ်။ သူတို့ ဘာလုပ်နေလဲ သိတယ်။ ဒါပေမယ့် ကစားဖို့ လှပတဲ့ပွဲတစ်ပွဲပါ"လို့ ပြောကြားသွားပါတယ်။