အာဆင်နယ်နှင့်ပွဲမတိုင်မီ ပရီးမီးယားလိဂ်ထံ စောဒကတက်လာတဲ့ အက်စတွန်ဗီလာ
===================
အက်စတွန်ဗီလာဟာ ယနေ့ည အာဆင်နယ်နှင့် ပရီးမီးယားလိဂ်အဝေးကွင်းမတိုင်မီ ပရီးမီးယားလိဂ်ထံ စောဒကတက်မှု ပြုလုပ်လာပါတယ်။
တတိယနေရာတွင် ရပ်တည်နေတဲ့ ဗီလာဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၉ အဖြစ် အမ်းမရိတ်သို့ သွားရောက်ကာ အာဆင်နယ်ကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တော့ ဗီလာအတွက် အာဆင်နယ်နှင့်ပွဲစဉ်က ပွဲစဉ် ၁၉ အစစ်အမှန်မဟုတ်ဘဲ စနေနေ့တွင်တွင်မှ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် လက်ရှိအချိန်တွင် အကောင်းဆုံးပုံစံ ရနေတဲ့ ဗီလာဟာ စနေနေ့တုန်းက စတမ်းဖို့ဒ်ဘရစ်ချ်သို့ သွားရောက်ကာ ချဲလ်ဆီးအား အဝေးကွင်းသွားကစားခဲ့ရပြီးနောက် အမ်းမရိတ်သို့ သွားရောက်ကာ နောက်ထပ် အဝေးကွင်းထပ်မံ သွားကစားရမှုအပေါ် စောဒတက်လာပါတယ်။
တကယ်တော့ ဗီလာတစ်သင်းတည်းသာ အဝေးကွင်း ၂ ပွဲဆက်ကစားရတော့ မဟုတ်ပါဘူး။
ဗီလာရဲ့ Football Operations ဒါရိုက်တာဒါမီယန်ဗီဒါဂါနီက "EPL က ဘာမှ မရှင်းပြဘဲ ပွဲစဉ် ၁၉ မတိုင်ခင်မှာ ဒုတိယရာသီဝက်အဖွင့်ပွဲကစားလာခိုင်းတယ်။ EPL က လူတွေက ရှင်းပြရပါမယ်။ သူတို့ ကျွန်တော်တို့ကို ဘာမှ မပြောပါဘူး။ ဒီတော့ ပဟေဠိ ဖြစ်နေတယ်။ ဒါက ကလပ်အချို့အတွက် အဆင်ပြေအောင် လုပ်နေတာပါ။ ဒီခရစ္စမတ်ပွဲကြပ်ကာလမှာ ခရီးမသွားရတဲ့အသင်းတွေ ရှိနေတယ်။ နောက်ဆုံး ၂ ပွဲကို အဝေးကွင်းကစားပြီး နောက်ပွဲမှ အိမ်ကွင်းကစားမယ့်ကလပ်တွေကို ကြည့်လိုက်ပါ။ ကျွန်တော်တို့က ၇၂ နာရီအတွင်း အဝေးကွင်း ၂ ပွဲကစားရမယ်။ အကြောင်းပြချက်ပေးနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်ကွင်း ၂ ပွဲမကစားရပြီး ခရီးမသွားရင်တော့ ပိုကောင်းတာပေါ့။ ပွဲစဉ်ဇယားက နိုင်ငံရေးဆန်နေရင်တော့ လက်ခံနိုင်စရာ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။
အာဆင်နယ်နှင့် လီဗာပူးတို့က ယခုကာလတွင်းတွင် အိမ်ကွင်း ၂ ပွဲကစားရပြီး မန်စီးတီးက အဝေးကွင်းကစားရပါတယ်။
တဖက်တွင် အမ်မရီကလည်း"နည်းပြဘဝ နှစ် ၂၀ အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ရာသီပထမနှစ်ဝက်မှာ ၁၉ သင်းနဲ့ မကစားရတာပါ။ ၁၈ သင်းနဲ့ပဲ ကစားရတယ်။ အာဆင်နယ်နဲ့ နှစ်ကြိမ် ကစားရတယ်။ နားမလည်နိုင်အောင် ဖြစ်ရတယ်။ ဘာကြောင့်လဲ ကျွန်တော် မသိပါဘူး။ ပုံမှန်အားဖြင့်ဆို မနက်ဖြန်ပွဲက နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားပြီး ရာသီဝက်အဆုံးသတ်ရမှာ။ ကျွန်တော့်စိတ်ထဲမှာ နားမလည်နိုင်တဲ့ အရာတစ်ခု ဖြစ်နေလို့ ဒါကို ပြောပြနေတာပါ။ ဘာပဲဖြစ်ဖြစ် လက်ခံပါတယ်"လို့ ပြောကြားသွားပါတယ်။