နေအိမ်တွင် မေ့လဲကျပြီးနောက် ကိုယ့်ကိုယ်ကို သေပြီလို့ ထင်မှတ်ထားခဲ့တဲ့ လီဗာပူးဂန္ထဝင်
=====================

လီဗာပူးဂန္ထဝင်တိုက်စစ်မှူးအီရန်ရပ်ရှ်က ယခုလအစောပိုင်းတုန်းက နေအိမ်တွင် မေ့လဲကျပြီးနောက် သေဆုံးပြီလို့ ထင်မှတ်ထားခဲ့ကြောင်း ဖွင့်ဟလာပါတယ်။
အသက် ၆၄ နှစ်ရှိ အီရန်ရပ်ရှ်ဟာ စူပါတုတ်ကွေးရောဂါခံစားရပြီးနောက် ဒီဇင်ဘာလ ၁၁ ရက်နေ့က Countess of Chester ဆေးရုံသို့ တက်ခဲ့ရကာ အထူးကြပ်မတ်ဆောင်တွင် ၄၈ နာရီ နေခဲ့ရပါတယ်။
လီဗာပူးသမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားတဲ့ အီရန်ရပ်ရှ်က "အဆိုးဆုံးဖြစ်နိုင်တယ်လို့ တွေးခဲ့တယ်။ ဖြစ်လည်း ဖြစ်သွားနိုင်တယ်လေ။ အသက်ရှူလို့က မရတောဘူး။ အရမ်းခက်ခဲခဲ့တယ်။ ကံကောင်းစွာပဲ NHS (အမျိုးသားကျန်းမာရေးဝန်ဆောင်မှု)က ကူညီခဲ့တယ်။ သေပြီလို့တောင် အခါခါတွေးခဲ့မိတယ်။ ဒါပေမယ့် အခု သန်မာနေပါပြီ။ ပြီးတော့ ပိုလည်း ကောင်းမွန်လာနေပါပြီ"လို့ ပြောကြားသွားပါတယ်။
အီရန်ရပ်ရှ်ဟာ ဒီဇင်ဘာလ ၁၁ ရက်နေ့ အစောပိုင်းတွင် အသက်ရှူရခက်ခဲလာပြီးနောက် ဇနီးသည်ကာရိုးလ်က အရေးပေါ် ကားခေါ်ယူခဲ့ရပါတယ်။
ဒါပေမယ့် အရေးပေါ်ကားရောက်လာချိန်မှာ သက်သာလာမှုနှင့်အတူ အီရန်ရပ်ရှ်ဟာ နေအိမ်တွင်ပင် နေရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အရေးပေါ် ကယ်ဆင်ရေးအဖွဲ့ ပြန်သွားပြီး ၁၀ မိနစ်အကြာတွင် အီရန်ရပ်ရှ်မှာ မေ့လဲကျသွားမှုနှင့်အတူ အရေးပေါ်ကားအား ထပ်မံ ခေါ်ယူခဲ့ရပါတယ်။
၎င်းက "တကယ့်ကို ဆိုးရွားတဲ့ အတွေ့အကြုံပါ။ အသက်မရှူနိုင်တော့ သေပြီလို့တောင် ထင်ထားခဲ့တယ်။ ချက်ချင်းဆောင့်တက်လာတာ။ ကာရိုးလ်က အရမ်းတော်တယ်။ ကျွန်တော့် အသက်ရှူနိုင်အောင် ကူညီခဲ့တယ်။ အရေးပေါ် ကားမရောက်ခင် ကျွန်တော့်ကို အချိန်ပေးကူညီခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
အီရန်ရပ်ရှ်ဟာ ဆေးရုံတွင် ငါးရက်ကြာ တက်ခဲ့ရပြီးနောက် ပြန်ဆင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ တကယ်လို့ သေဆုံးသွားရင် ဘာလုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ပြင်ဆင်ထားခဲ့ပါတယ်။ ယင်းနောက်မှာတော့ သူဟာ တစ်ရက်လျှင် သုံးကြိမ် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်လာမှုနှင့်အတူ သက်သာလာပါတယ်။
ဒူဘိုင်းတွင် ပြုလုပ်တဲ့ World Sports Summit သို့ တက်ရောက်နေတဲ့ လီဗာပူးရဲ့ သံတမန်အဖြစ် ဆောင်ရွက်နေတဲ့ အီရန်ရပ်ရှ်က "၂၀၂၆ မှာတော့ အပြောင်းအလဲတချို့ ရှိလာပါမယ်။ တကယ်လို့ ကျွန်တော်သာ တခုခု ဖြစ်လာရင် အားလုံးအတွက် ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်စေဖို့ လုပ်ရမယ်။ ဆရာဝန်ကတော့ နေရောင်က ခင်ဗျားအတွက် ပိုကောင်းတဲ့ ကမ္ဘာဖြစ်လာစေမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့်လည်း ဒီကို ရောက်လာတာ။ လီဗာပူးကလပ်ကလည်း အရမ်းကောင်းတယ်။ ကျွန်တော့်ကို လိုသလောက် နားဖို့ ပြောထားတယ်"လို့ ပြောကြားသွားပါတယ်။
အီရန်ရပ်ရှ်ဟာ လီဗာပူးအတွက် ၃၄၆ ဂိုးသွင်းထားကာ ကလပ်သမိုင်းတွင် ဂိုးအများဆုံးသွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။ သူ့နောက်တွင် ရော်ဂျာဟန့် (၂၈၅ ဂိုး)၊ မိုဟာမက်ဆာလက် (ဂိုး ၂၅၀)တို့က ရပ်တည်နေပါတယ်။