ယူနိုက်တက်ရဲ့အိမ်ကွင်းခြေစွမ်းအပေါ် လီဆန်ဒရိုမာတီနက်ဇ်အကြီးအကျယ် စိတ်ပျက်
=========================

လီဆန်ဒရိုမာတီနက်ဇ်ဟာ အိမ်ကွင်းတွင် ဝုဗ်နှင့် တစ်ဂိုးစီသရေကျပြီးနောက် ယူနိုက်တက်ရဲ့အိမ်ကွင်းခြေစွမ်းအပေါ် ဒေါသထွက်နေပါတယ်။
ဝုဗ်ဟာ ပရီးမီးယားလိဂ် ၁၉ ပွဲတွင် တတိယမြောက် အမှတ်ယူနိုင်မှုအဖြစ် ယူနိုက်တက်နှင့် တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ယူနိုက်တက်မှာ ဝုဗ်နှင့် သရေကျမှုကြောင့် အဆင့် ၄ နေရာသို့ တက်လှမ်းနိုင်မယ့် အခွင့်အရေး လက်လွှတ်လိုက်ရပါတယ်။
ယူနိုက်တက်ဟာ ဝုဗ်နှင့် သရေကျပြီးနောက် နောက်ဆုံး ၆ ပတ်အတွင်း အိုးထရက်ဖို့ဒ်ကွင်း ၅ ပွဲတွင် ရမှတ် ၉ မှတ်အထိ ဆုံးရှုံးထားရပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ယူနိုက်တက်ဟာ ယခုရာသီတွင် ၁-၀ ဂိုးဖြင့် ဦးဆောင်ပြီးမှ အနိုင်မရတဲ့ ၆ ပွဲမြောက်ပွဲ ကြုံလာပါတယ်။
ဘရူနိုဖာနန်ဒက်စ် ဒဏ်ရာရရှိနေမှုကြောင့် နှစ်ပွဲဆက် အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူလာတဲ့ မာတီနက်ဇ်က "အရမ်းစိတ်ပျက်တယ်။ အိမ်ကွင်းမှာ သရေကျနေလို့ မရဘူး။ အိမ်ကွင်းမှာ ကစားရင် အနိုင်ရရမယ်။ ပြိုင်ဘက် နာကျင်ရမယ်။ ပြီးတော့ ကျွန်တော်တို့ သုံးမှတ် မယူနိုင်ခဲ့ဘူး။ အရမ်းစိတ်ပျက်ရတယ်။ အသင်းလည်း အားလုံးပေးနေတယ်။ ကျွန်တော်တို့ ပထမပိုင်းရဲ့ နောက်ဆုံးအခိုက်အတန့်မှာ ဂိုးပေးလိုက်ရတယ်။ ကျွန်တော်တို့နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ရဲ့ တာဝန်ယူမှု တာဝန်ခံမှုပါ။ ဝုဗ်က သူတို့ရောက်နေတဲ့ နေရာနဲ့ မထိုက်ပါဘူး။ သူတို့က တောင့်တင်းတဲ့အသင်းပါ။ သူတို့ကို လေးစားပါတယ်။ ကျွန်တော်တို့ ပိုပြီးတော့ အရဲစွန့်ကစားရမယ်။ ကောင်လေးတွေ စိတ်ပျက်နေကြတယ်။ ပိုကောင်းဖို့ မျှော်လင့်ခဲ့တယ်။ ကျွန်တော်တို့ အရယူရမှာပါ။ ပြီးတော့ ဒါကို လက်ခံတယ်။ နောက်တစ်ပွဲ သွားကြတာပေါ့"လို့ ပြောကြားသွားပါတယ်။
ယူနိုက်တက်ဟာ ပထမအသင်းကစားသမား ၈ ဦးအထိ မပါဝင်ဘဲ ဝုဗ်ကို ရင်ဆိုင်ခဲ့ရတာပါ။
အမိုရမ်ဟာ နယူးကာဆယ်နှင့်ပွဲတွင် ၄-၂-၃-၁ ကစားကွက်ကို ပထမဆုံးအကြိမ် ပြောင်းလဲ အသုံးပြုခဲ့ပေမယ့်လည်း ဝုဗ်နှင့်ပွဲမှာတော့ နောက်တန်း ၃ ဦး စနစ်ကို ပြန်လည် အသုံးပြုလာခဲ့ပါတယ်။
ဒါပေမယ့် အမိုရမ်ဟာ ပထမပိုင်းအပြီးတွင် ဂိုးသွင်းရှင်ဂျိုရှာဇတ်ဇီးနေရာတွင် အသက် ၁၈ နှစ် အရွယ်ရှိ ဂျက်ဖလက်ချာကို ထည့်သွင်းပြီး ၄-၂-၃-၁ ကစားကွက်ကို ပြောင်းလဲ အသုံးပြုခဲ့ပါတယ်။