AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပါဝင်သည့် အမှုကိုးမှုအပါအဝင် AA အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိခဲ့
ထွက်ဆိုချက်များအရ အဖမ်းခံရသူများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ AA အဖွဲ့အတွက် တာဝန်ပေးအပ်ခံရသဖြင့် လုပ်ဆောင်နေခြင်းဖြစ်ဟုဆို
AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပါဝင်သည့် အမှုကိုးမှုအပါအဝင် AA အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိခဲ့ပြီး ထွက်ဆိုချက်များအရ အဖမ်းခံရသူများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ AA အဖွဲ့အတွက် တာဝန်ပေးအပ်ခံရသဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောကြားသည်။
ဒီဇင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့အစည်းအဝေး (၂၀၂၅) တွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက ကမ္ဘာတစ်ဝန်းရှိ အကြမ်းဖက်အဖွဲ့များသည် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ လူကုန်ကူးခြင်းတို့အပါအဝင် တရားမဝင် လမ်းကြောင်းများမှ ရန်ပုံငွေရှာဖွေကြကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် Financial Action Task Force (FATF) ၏ စောင့်ကြည့်မှုအောက်မှ လွတ်မြောက်နိုင်ရေးအတွက် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုကို တားဆီးတိုက်ဖျက်ရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်တွင်းဥပဒေများ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၇၃ နှင့် ၂၄၆၂ အပါအဝင် နိုင်ငံတကာပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကြမ်းဖက် AA အဖွဲ့၏ မူးယစ်ဆေးဝါးကုန်သွယ်မှုလုပ်ငန်းသည် ကြီးထွားကျယ်ပြန့်နေပြီး မူးယစ်ဆေးထုတ်လုပ်ရန် ဓာတုဆေးဝါးမှောင်ခိုတင်သွင်းခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သယ်ဆောင်သိုလှောင်ခြင်း၊ ပြည်တွင်း၌ဖြန့်ဖြူးခြင်း၊ ပြည်ပတင်ပို့ရန် ချိတ်ဆက်ဆောင်ရွက်ခြင်းတို့ကို နိုင်ငံတကာမူးယစ်ရာဇာများနှင့် ချိတ်ဆက်လုပ်ဆောင်လျက်ရှိကြောင်း၊ AA အဖွဲ့ဝင်များ ပါဝင်ပတ်သက်နေသော မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်အထိ ၂၄ ကြိမ်ရှိခဲ့ကြောင်းနှင့် AA ခေါင်းဆောင်ပိုင်းများ ကိုယ်တိုင်ပါဝင်ပတ်သက်ခဲ့သော အမှု ကိုးမှု ပါဝင်ကြောင်း၊ ထွက်ဆိုချက်များအရ အဖမ်းခံရသူများသည် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းချခြင်းကို ပုဂ္ဂလိကစီးပွားရေးအဖြစ် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ AA အဖွဲ့အတွက် တာဝန်ပေးအပ်ခံရသဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရှိရကြောင်း၊ မူးယစ်ဆေးဝါးမှ ရရှိသော အကျိုးအမြတ်များအနက် ၇၀ ရာခိုင်နှုန်းခန့်ကို လက်နက်ခဲယမ်း ဝယ်ယူဖြည့်တင်းရာတွင် အသုံးပြုကြောင်း၊ ၎င်းတို့သည် နိုင်ငံတကာ လက်နက်မှောင်ခိုဂိုဏ်းများနှင့် ချိတ်ဆက်ပြီး လက်နက်ခဲယမ်းနှင့် စိတ်ကြွဆေးပြား လဲလှယ်ခြင်းအပါအဝင် ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်းစသည့် နိုင်ငံဖြတ်ကျော်မှုခင်းများကိုလည်း ကျူးလွန်နေသည်ကို တွေ့ရှိရကြောင်း ပြောကြားသည်။