နိုင်ငံတကာရာဇဝတ်တရားရုံးများ၏ ဆုံးဖြတ်ချက်ကို လျစ်လျူရှုမည့် ဥပဒေပြင်ဆင်ချက်ကို ပူတင် လက်မှတ်ထိုး

ယူကရိန်းနှင့် ဥရောပနိုင်ငံများက ရုရှား၏ လုပ်ရပ်များအတွက် အရေးယူရန်ကြိုးပမ်းနေချိန် ရုရှားဘက်ကလည်း နိုင်ငံတကာတရားရုံးများမှ ချမှတ်သည့် ရာဇဝတ်မှုဆိုင်ရာစီရင်ချက်များကို လျစ်လျူရှုမည့် ဥပဒေပြင်ဆင်ချက်ကို သမ္မတ ဗလာဒီမာပူတင်က ဒီဇင်ဘာ ၂၉ ရက်တွင် လက်မှတ်ရေးထိုး အတည်ပြုလိုက်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ရန် ကြိုးပမ်းနေချိန် ထိုသတင်းထွက်ပေါ်လာခြင်းဖြစ်ပြီး ယူကရိန်းတွင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ရုရှားအရာရှိများနှင့် စစ်ဘက်ခေါင်းဆောင်များကို အရေးယူရန် ကြိုးပမ်းနိုင်မှုများအပေါ် တုံ့ပြန်လိုက်ပုံလည်းရသည်။
ယူကရိန်းနှင့် ဥရောပကောင်စီလူ့အခွင့်အရေးအဖွဲ့တို့က အထူးခုံရုံးတစ်ခုဖွဲ့စည်းရန် ဇွန်တွင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပြီး ရုရှား၏ တိုက်ခိုက်မှုများကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် ဒေါ်လာဘီလျံရာပေါင်းများစွာအတွက် လျော်ကြေးရရှိစေရန် ဥရောပကလည်း ယခုလအတွင်း (ယူကရိန်းအတွက်) နိုင်ငံတကာတောင်းဆိုမှုများဆိုင်ရာကော်မရှင်ကို ဖွဲ့စည်းလိုက်သည်။
ထို့ပြင် သည်ဟိဂ်မြို့ရှိ နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) က ယူကရိန်းကလေးငယ် ရာပေါင်းများစွာကို တရားမဝင် ပြည်နှင်ဒဏ်ပေးခဲ့သည်ဟု စွပ်စွဲကာ ပူတင်နှင့် ရုရှားနိုင်ငံသား ငါးဦးကို ဖမ်းဝရမ်းထုတ်ထားသည်။
ရုရှားဘက်ကမူ ICC ၏ စွပ်စွဲချက်များက မှားယွင်းနေကြောင်းနှင့် ကလေးငယ်များ ဘေးကင်းရေးအတွက် ၎င်းတို့ကို တိုက်ပွဲဇုန်မှ ဖယ်ရှားပေးခဲ့ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
ပူတင် အတည်ပြုလိုက်သည့် ဥပဒေပြင်ဆင်ချက်အရ ရုရှားနှင့် ချုပ်ဆိုထားသော နိုင်ငံတကာသဘောတူညီချက် သို့မဟုတ် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အပေါ် အခြေမခံသည့် နိုင်ငံတကာ ဥပဒေရေးရာအဖွဲ့အစည်းများ၏ ဆုံးဖြတ်ချက်များကို ရုရှားက လျစ်လျူရှုနိုင်မည်ဖြစ်သည်။

image