ရန်ကုန် - မန္တလေး အမြန်လမ်း မှာ တိုက်ပွဲဖြစ်ပွားခဲ့

ရန်ကုန် - မန္တလေး အမြန်လမ်း ၊ စကားအင်း ရဲစခန်းအပိုင်ထဲက မိုင်တိုင် ၃၃၁ နဲ့ ၃၃၂ အကြားမှာ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ ၁၀ နာရီလောက်က PDF အဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေအကြား.ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ပွဲက ၁၅ မိနစ်လောက် ကြာမြင့်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားချိန်မှာ အမြန်လမ်းပေါ် ကားတွေ သွလာခွင့် ရပ်တန့်ခဲ့ ရပေမယ့် လက်ရှိမှာတော့ ကားတွေ သွားလာခွင့် ရရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ် ။
လုံခြုံရေး တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်က "မနက်က ရဲကင်းကို လာပစ်ပြီး ပြန်ဆုတ်ခွာသွားပါတယ်။လက်ရှိက တိုက်ပွဲ ပြီးသွားပါပြီ။ဘာမှမဖြစ်ပါဘူး ။ပစ်ပြေးသွားတာပါ။ " လို့ ပြောပါတယ်။
PDF အင်အား ၃၀ လောက်က အမြန်လမ်းမပေါ်ကို တက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ၊ ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ ဘက်က ထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။
အဆိုပါ အမြန်လမ်းပေါ် ပစ်ခတ်မှု အခြေအနေနဲ့ ပတ်သက်ပြီး အမြန်လမ်း စကားအင်း ရဲစခန်းကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ ပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်းမရှိပါဘူး ။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ မနက် ၉ နာရီကျော်လောက်ကလည်း ရန်ကုန်-မန္တလေး အမြန်လမ်း၊ ပြင်စည်ရဲစခန်းအပိုင် မိုင်တိုင် ၃၁၈ အနီးမှာ လုံခြုံရေးတပ်ဖွဲ့ နဲ့ ဒေသတွင်း လက်နက်ကိုင် တပ်ဖွဲ့တို့ မြေပြင်ပစ်ခတ်ထိတွေ့ တိုက်ပွဲဖြစ်ပွား ခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၉ ရက်နေ့ကလည်း ပြင်စည်ရဲစခန်းအနီး မိုင်တိုင် ၃၁၉ မှာ နွားထိုးကြီး PDF နဲ့ နစကလုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား မြေပြင်ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး အမြန်လမ်း ပေါ်သွားလာမှု ယာယီရပ်တန့်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ တုန်းကလည်း ရန်ကုန် - မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၉ အနီး တိုက်ပွဲ ဖြစ်ပွားခဲ့သလို အမြန်လမ်း သွားလာနေတဲ့ ကားတွေကို မိုင်တိုင် ၃၁၈ မှာတားပြီး စစ်ဆေးမှု တွေပြုလုပ်ခဲ့တာအထိရှိခဲ့ တယ်လို့သိရပါတယ်။

image