ရွေးကောက်ပွဲ ကျင်းပနေချိန် လွိုင်ကော်နဲ့ သံတောင်ကြီးမြို့ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခံရ

ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်၊ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနေချိန်အတွင်း ကယားပြည်နယ် လွိုင်ကော်နဲ့ ကရင်ပြည်နယ် သံတောင်ကြီးမြို့တို့မှာ ရှော့ဒိုက်ဒုံး ကျရောက် ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ တိုက်ခိုက်ရေး သင်တန်းကျောင်း (ဘုရင့်နောင်) မှာ ဒီကနေ့ နေ့လယ် ၁၂ နာရီ၊ မိနစ် ၄၀ ဝန်းကျင်က ရှော့တိုက်ဒုံး ခြောက်လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) က ဦးဆောင်ခဲ့တာ ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ကယားပြည်နယ် လွိုင်ကော်မြို့မှာလည်း ရွေးကောက်ပွဲ ပြုလုပ်နေချိန် ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင်က မင်္ဂလာရပ်ကွက်နဲ့ မိုင်းလုံးရပ်ကွက်အတွင်း ရှော့တိုက်ဒုံးတွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“လွိုင်ကော်မြို့ထဲ ရှော့တိုက်ဒုံး ရှစ်လုံးကျတယ်။ လူတယောက်မှ မထိဘူး။ ရွေးကောက်ပွဲလည်း ပျက်မသွားဘူး။ မြို့ထဲကလူတွေလည်း အသွားအလာ မပျက်ဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
ဒါအပြင် ပဲခူးတိုင်း၊ ရေတာရှည် မြို့နယ်နဲ့ နေပြည်တော် လယ်ဝေးမြို့နယ်မှာလည်း ဒီကနေ့ မနက်အစောပိုင်း ၃ နာရီဝန်းကျင်က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် VOM က ဒီသတင်း အတည်ပြုနိုင်ဖို့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ဒါအပြင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ဒီကနေ့ မနစ်အစောပိုင်း ၂ နာရီ ၄၅ မိနစ်ဝန်းကျင်က မိုင်းနှစ်လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်လို့ ရန်ကုန် အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးတင်မျိုးအောင်က “ဘာမှမဖြစ်ပါဘူး။ ကျွန်တော်ကိုယ်တိုင် အဲဒီရုံးမှာနေတာပါ။ ဘာပေါက်ကွဲမှုမှ မရှိပါဘူး” လို့ ပြောပါတယ်။
ဒါအပြင် မနေ့ ဒီဇင်ဘာ ၂၇ ရက်၊ မနက် ၈ နာရီခွဲ ဝန်းကျင်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ စံဝါအောင်း ကျေးရွာမှာရှိတဲ့ အထက်တန်းကျောင်းခွဲ မဲရုံအနီးမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားပေါ်ကနေ ပစ်ချသွားတာလို့ ‌သိရတယ်။ ပေါက်ကွဲသံကတော့ တော်တော်ပြင်းတယ်။ တော်တော်ဝေးဝေးကကို ကြားကြတယ်ပြောတယ်။ လူထိခိုက်တာတော့ မရှိဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး ငါးနှစ်နီးပါးအကြာမှာ ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာ မြဝတီ၊ ထားဝယ်၊ လွိုင်ကော်၊ မန္တလေး၊ ပြည်၊ လယ်ဝေး၊ မုံရွာမြို့တွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး မြဝတီဖြစ်စဉ်မှာတော့ လူသေဆုံးတဲ့အထိ ရှိခဲ့ပါတယ်။

image