ကမ္ဘာ့ဖလားကစားခွင့်ရရန်အတွက် အင်္ဂလန်မှ ဂါနာနိုင်ငံသားအဖြစ် ပြောင်းလဲခံယူမှာ မဟုတ်တဲ့ အေဒင်ဟဲဗင်း
======================
ယူနိုက်တက်နောက်ခံလူအေဒင်ဟဲဗင်းဟာ လာမယ့် နွေရာသီ ကမ္ဘာ့ဖလားကစားခွင့်ရရှိရန်အတွက် အင်္ဂလန်မှ ဂါနာအတွက် ပြောင်းကစားပေးလာမှာ မဟုတ်ပါဘူး။
လန်ဒန်ဖွား အသက် ၁၉ နှစ်ရှိ အေဒင်ဟဲဗင်းဟာ ဘိုးဘွားများကြောင့် ဂါနာအတွက် ကစားခွင့် ရှိနေသူ ဖြစ်ပြီး ဂါနာဘောလုံးအဖွဲ့ချုပ်ကလည်း သူ့အား လက်ရွေးစင်အသင်းတွင် ရွေးချယ်ရန် စောင့်ကြည့်နေပါတယ်။
ဂါနာဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်၊ ခရိုအေးရှား၊ ပနားမားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။
အေဒင်ဟဲဗင်းဟာ အာဆင်နယ်အတွက် စီနီယာပွဲတစ်ပွဲကစားခွင့်ရပြီးနောက် ဖေဖော်ဝါရီလတုန်းက ယူနိုက်တက်သို့ ရောက်လာသူ ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်အသင်းအတွက်သာ ကိုယ်စားပြု ကစားလိုနေမှုနှင့်အတူ ဂါနာအသင်းဘက်က ဆက်သွယ်လာပါကလည်း ငြင်းဆိုလာပါမယ်။
သူဟာ အင်္ဂလန်ယူ-၂၀ အသင်းအပါအဝင် အင်္ဂလန်လူငယ်အသင်းများတွင် ကစားခွင့်ရလာသူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်မှာ အရန်အဖြစ် ၂ ပွဲကစားခွင့်ရပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့ ဝက်စ်ဟမ်းပွဲတွင် ပွဲထွက်ခွင့်ရခဲ့သလို ဗီလာရှုံးပွဲတွင်လည်း ပွဲထွက်ခွင့်ရခဲ့ပါတယ်။
သူဟာ သောကြာနေ့တုန်းက နယူးကာဆယ်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲမှာတော့ အကောင်းဆုံးပုံစံဖြင့် ကစားကာ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
သူဟာ ယူနိုက်တက်တွင် ပုံမှန်ကစားခွင့်ရရှိလာပါက အင်္ဂလန်အသင်းရဲ့ ရွေးချယ်ခြင်းခံလာရမယ်လို့ ယုံကြည်နေမှုနှင့်အတူ ဂါနာဘက်က ဆက်သွယ်လာပါကလည်း ငြင်းဆိုလာမှာလည်း ဖြစ်ပါတယ်။