ချစ်ခြင်းမေတ္တာအတွက် လီဗာပူးပရိသတ်များကို ကျေးဇူးတင်ကြောင်း ဂျိုတာရဲ့ ဇနီးသည် ပြောကြားလာ
=======================
ဒီယေဂိုဂျိုတာရဲ့ ဇနီးသည်က ခင်ပွန်းသည် ယာဉ်မတော်တဆမှုကြောင့် ကွယ်လွန်သွားပြီးနောက် ခက်ခဲတဲ့ ကာလအတွင်း ချစ်ခြင်းမေတ္တာပေးခဲ့မှုများအတွက် လီဗာပူးပရိသတ်များကို ကျေးဇူးတင်ကြောင်း ဆိုလာပါတယ်။
ရူတီကာဒိုဆိုဟာ ဝုဗ်နှင့်ပွဲတွင် ကလေး ၂ ဦးတို့အား လာဘ်ကောင်အဖြစ် အသုံးပြုကာ ခင်ပွန်းအား ဂုဏ်ပြုပြီးနောက် အင်စတာဂရမ်မှ တဆင့် ပရိသတ်များကို ကျေးဇူးတင်ကြောင်း ပြောလာတာလည်း ဖြစ်ပါတယ်။
သားများဖြစ်ကြတဲ့ ဒီနစ်နှင့် ဒူအာတီတို့ဟာ ဖခင်ဖြစ်သူ ကစားခဲ့တဲ့ လီဗာပူးနှင့် ဝုဗ်တို့ရဲ့ ပွဲစဉ်များတွင် လာဘ်ကောင်အဖြစ်ဖြင့် အန်ဖီးလ်ကွင်းသို့ ခြေချခဲ့ကြပါတယ်။
အသက် ၂၈ နှစ်ရှိ ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ဇူလိုင်လတုန်းက ညီဖြစ်သူနှင့်အတူ စပိန်တွင် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသွားခဲ့ကြပါတယ်။
၎င်းတို့မောင်းနှင်လာတဲ့ Lamborghini ကားမှာ တာယာပွင့်သွားပြီးနောက် ယာဉ်မတော်တဆမှု ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။
ဂျိုတာရဲ့ ကျန်ရစ်သူ ဇနီးသည်က "ခက်ခဲတဲ့ကာလအတွင်း ချစ်ခြင်းမေတ္တာ၊ လေးစားမှုနဲ့ အားပေးမှုတွေပေးခဲ့တဲ့ အတွက် ကလပ်နဲ့ ပရိသတ်အားလုံးကို ရင်ထဲက လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ရှင်တို့ရဲ့ မက်ဆေ့ချ်နဲ့ အပြုအမူတွေက စကားလုံးတွေထက် ပိုပြီးတော့ လေးနက်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းပွဲတွင် လီဗာပူးပရိသတ်များဟာ : "Diogo Jota, forever in our hearts" ဆိုတဲ့စာသားပါ နဖူးစည်းကိုလည်း ကိုင်ဆောင်ခဲ့ကြပါတယ်။
ဂျိုတာဟာ ၂၀၁၇ ခုနှစ်တွင် အက်သလက်တီကိုမှ အငှားဖြင့် ရောက်လာပြီးနောက် ဝုဗ်သို့ အပြီးသတ်ပြောင်းခဲ့ပြီး ၁၃၁ ပွဲကစားကာ ၄၄ ဂိုးသွင်းပေးခဲ့ပါတယ်။
သူဟာ လီဗာပူးအတွက် ၁၈၂ ပွဲကစားခဲ့ရာမှာ ၆၅ ဂိုးသွင်းပြီး အက်ဖ်အေဖလား၊ ပရီးမီးယားလိဂ်ဖလားတို့ ရရှိအောင် ကူညီပေးခဲ့ပါတယ်။
လီဗာပူးဟာ ဒီယေဂိုဂျိုတာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၂၀ ကို ရာသက်ပန် အနားပေးထားပါတယ်။