မူဆယ် ခရိုင်အတွင်းက CDM နာမည် စာရင်းပေါက်တဲ့ သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် သက်တမ်းတိုး မပေးတော့
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် - မြန်မာ နယ်စပ်၊ မူဆယ် ခရိုင်အတွင်းက CDM နာမည် စာရင်းပေါက်တဲ့ သူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ် သက်တမ်းတိုး မပေးတော့ကြောင်း အစိုးရ ဝန်ထမ်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
"အခု CDM လုပ်သွားတဲ့ ဝန်ထမ်းတွေကို နယ်စပ် ဖြတ်ကျော်ခွင့် သက်တမ်း မတိုးပေးတော့ဘူး" လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
အရင်က နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် နဲ့ ပုံမှန် နယ်စပ် ဖြတ်ကျော်လို့ ရတယ်လို့ သူက ပြောပါတယ်။
"အရင်က ဘာမှ မသိ နားမလည်လို့ နာမည်ပါသွားတာတောင် ပြန်ဖျက်ချင်တာ မရတော့ဘူး" လို့ နောက်ထပ် ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
နယ်စပ်ဒေသခံ အများစုကတော့ နယ်စပ် အဝင်အထွက် လုပ်ပြီး အသက်မွေး ဝမ်းကျောင်း ပြုနေကြရတာကြောင့် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ်က လူတိုင်းအတွက် အရေးပါတာ ဖြစ်ပါတယ်။
CDM လုပ်တဲ့ ဝန်ထမ်းစာရင်းတွေကို စစ်ဆေးပြီး အရေးယူတာတွေ လုပ်တော့မယ်လို့ သိရကြောင်း ဌာနဆိုင်ရာ နဲ့ နီးစပ်သူ တယောက်ကလည်း ပြောပါတယ်။