ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှု စစ်ပွဲဖြစ်ဖို့ မီးလောင်ရာလေပင့်တာလို့ တရုတ်ဝေဖန်

ထိုင်ဝမ်ကို အမေရိကန်ရဲ့ လက်နက်ရောင်းချမှု သဘောတူညီချက်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံက ဝေဖန်ခဲ့ပြီး ဒါဟာ ထိုင်ဝမ်ရေလက်ကြား စစ်ပွဲဖြစ်ဖို့ မီးလောင်ရာလေပင့်တာလို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို ဒေါ်လာ ၁၁ ဒဿမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်ရောင်းချမယ်လို့ ကြေညာခဲ့ပြီး ဒါဟာ ထိုင်ဝမ်ကျွန်းအတွက် အမေရိကန်ရဲ့ အကြီးမားဆုံး လက်နက်ရောင်းချမှု အစီအစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရန်စမှု" အားလုံးကို ရပ်တန့်ပြီး မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြင်ဆင်သင့်တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Zhang Xiaogang က ပြောပါတယ်။

"အမေရိကန်ရဲ့ အပျက်သဘောဆောင်တဲ့ ထိုင်ဝမ်ဆိုင်ရာ ဥပဒေကြမ်းဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အကြောင်းမဲ့ ဝင်ရောက်စွက်ဖက်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးအင်အားစုတွေဆီကို မှားယွင်းတဲ့ အချက်ပြမှုတခု ပေးပို့သလိုဖြစ်ပြီး ဒါဟာ ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေပါတယ်" လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ထိုင်ဝမ်ပြဿနာရဲ့ အလွန်အမင်းထိခိုက်လွယ်မှုကို အပြည့်အဝနားလည်ဖို့၊ တရုတ်ရဲ့ တပြည်ထောင်မူဝါအပြင် တရုတ်-အမေရိကန် ပူးတွဲကြေညာချက်သုံးခုကို အလေးအနက်လိုက်နာဖို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းခဲ့ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်မှာ အမေရိကန်ပြည်ထောင်စုက အတည်ပြုခဲ့တဲ့ ထိုင်ဝမ်အတွက် လက်နက်ရောင်းချမှုမှာ ဟိုင်းမားစ် ရော့ကက်စနစ်တွေ၊ ဟောင်ဝစ်ဇာအမြောက်တွေ ၊ ဂျက်ဗလင်တင့်ကားဖျက်ဒုံးကျည်တွေ၊ အယ်လ်တီးရပ်စ် လက်နက်တပ်ဆင်ဒရုန်းတွေနဲ့ အခြားစစ်ပစ္စည်းကိရိယာများအတွက် အစိတ်အပိုင်းများ အပါအဝင် အဓိက ပစ္စည်းရှစ်မျိုး ပါဝင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

image