ရီးရဲလ်မက်ဒရစ်တွင် စပိန်ကစားဖော်ဟောင်းအလွန်ဆို ကြုံနေရတဲ့ အဓိကပြဿနာအား ဖာဘရီဂက်စ် ဖွင့်ဟလာ
==================

ဆက်ပ်ဖာဘရီဂက်စ်က စပိန်ကစားဖော်ဟောင်းဇာဗီးအလွန်ဆိုမှာ ရီးရဲလ်မက်ဒရစ်အသင်းတွင် ပွဲထွက်ကစားရန် ထိုက်တန်တယ်လို့ ယူဆတဲ့ နာမည်ကြီးကစားသမားများစွာ ရှိနေမှုနှင့်အတူ အဝတ်အစားလဲခန်းအား ထိန်းသိမ်းရန် ရုန်းကန်နေရကြောင်း ဖွင့်ဟလာပါတယ်။

ဖာဘရီဂက်စ်က ယင်းအချက်ကြောင့်ပင် အလွန်ဆိုမှာ ရီးရဲလ်မက်ဒရစ်တွင် ဖိအားများနှင့် ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

အလွန်ဆိုဟာ မေလတုန်းက ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ခန့်အပ်ခြင်းခံရပြီးနောက် ရာသီအစ ပြိုင်ပွဲအရပ်ရပ် ၁၄ ပွဲတွင် ၁၃ ပွဲ အနိုင်ရခဲ့ပေမယ့်လည်း နောက်ဆုံးကစားတဲ့ ၁၁ ပွဲတွင် ၅ ပွဲတည်းသာ အနိုင်ရကာ ရုန်းကန်လာခဲ့ရပါတယ်။

အလွန်ဆိုဟာ လာလီဂါ ၃ ပွဲဆက် သရေကျပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြအနာဂတ်မရေမရာမှုနှင့်ပင် ရင်ဆိုင်လာခဲ့ရပါတယ်။

အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်စူပါစတားဗီနီရှပ်စ်ဂျူနီယာအား ပွဲထွက်လူစာရင်းတွင် ချန်လှပ်ခြင်း၊ ပွဲတိုင်းနီးပါး လူစားလဲလှယ်ခြင်းတို့ ပြုလုပ်မှုနှင့်အတူ ဆက်ဆံရေး အဆင်မပြေဖြစ်နေကြောင်း သတင်းထွက်နေပါတယ်။

အောက်တိုဘာလတုန်းက ဘာစီလိုနာအား အနိုင်ရတဲ့ El Clasico ပွဲစဉ်တွင် လူစားလဲလှယ်ခြင်းခံရပြီးနောက် ဗီနီရှပ်စ်က "ငါ့ကိုပဲ လူစားလဲနေတယ်။ ဒီအသင်းက ထွက်တော့မယ်။ ငါက ထွက်သွားတာပဲ ပိုကောင်းလိမ့်မယ်။ ထွက်မယ်"လို့ ပြောဆိုခဲ့ပါတယ်။

နောက်ပိုင်းတွင် ဗီနီရှပ်စ်ဟာ သူ့အပြုအမူများအတွက် လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။

ယခုအခါ ကိုမိုအသင်းနည်းပြဖာဘရီဂက်စ်က"သူတို့မှာ အရမ်းကောင်းတဲ့ ကစားသမားတွေ ရှိတယ်။ အားလုံးကလည်း ကစားဖို့ ထိုက်တန်တယ်။ သူတို့ကလည်း ကစားခွင့်ရမယ်လို့ ထင်ကြတယ်။ သူတို့ကလည်း ကွဲပြားအောင် လုပ်နိုင်စွမ်း ရှိကြတယ်။ သူတို့အားလုံးက ယူရိုသန်း ၅၀ တန်ကြေးရှိကြတယ်။ အားလုံးလည်း လက်ရွေးစင်အသင်းမှာ ကစားနေကြတယ်။ ဒီလိုအခြေအနေမှာ ကိုင်တွယ်ရတာ အရမ်းခက်တယ်"လို့ ပြောကြားသွားပါတယ်။

အလွန်ဆိုနှင့် ဖာဘရီဂက်စ်တို့ဟာ စပိန်အသင်းတွင် တွဲကစားစဉ်အတွင်း ယူရို ၂၀၀၈ နှင့် ယူရို ၂၀၁၂ ဖလားတို့အပြင် ၂၀၁၀ ကမ္ဘာ့ဖလားလည်း ဆွတ်ခူးခဲ့ကြပါတယ်။

image