တောင်ဥက္ကလာမှာ ဗုံးသီးကို ထုရိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား နှစ်ယောက် သေဆုံး

ရန်ကုန်တိုင်း ၊ တောင်ဥက္ကလာ မြို့နယ် ၊ (၁၄) ရပ်ကွက်၊ ကြက်မောက် (၁) လမ်းထဲက ကျူးကျော်အိမ်တခုမှာ ​ဗုံးပေါက်ကွဲ မှုဖြစ်ပွားပြီး အမျိုးသား နှစ်ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ် ။

​ဖြစ်စဥ်မှာ မနေ့က ဒီဇင်ဘာ ၂၂ ရက်နေ့ ၊ ညနေ ၄ နာရီ ကျော်လောက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ သေဆုံးတဲ့ အမျိုးသား နှစ်ယောက်ကတော့ ပလုံကောက်တဲ့ ကိုစိုးညီညီစိုး ဆိုသူ နဲ့ ကိုဖိုးဇော် ဆိုသူတို့ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသား နှစ်ယောက်ဟာ အမှိုက်ပုံကနေ မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးတွေကို ကောက်ယူ လာပြီးနောက် နေအိမ် အတွင်းမှာ ဗုံးသီးကို ထုရိုက်ရာကနေ ပေါက်ကွဲ မှုဖြစ်ပွားပြီး နေရာမှာပဲ သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

" ဗုံးပေါက်ကွဲမှုကြောင့် နှစ်ယောက်လုံးက မိုင်းစတွေထိမှန်ပြီး တကိုယ်လုံး ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတယ်။ ၄၀ မမဗုံးသီး တလုံးက ပေါက်ကွဲထားတယ်။ ဗုံးမှာပါတဲ့ ကြေးကိုလိုချင်လို့ လုပ်ကြရာကနေ ပေါက်ကွဲ တာလို့သိရတယ်။ နှစ်ယောက်လုံးက အသက် ၃၀ ကျော်အရွယ် တွေပါ ။ " လို့ လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေအိမ်ထဲမှာ မပေါက်ကွဲသေးတဲ့ နောက်ထပ် ၄၀ မမ ဗုံးသီး ခုနှစ်လုံးလည်း ထပ်မံ တွေ့ရှိခဲ့ရပြီး သက်ဆိုင်ရာ တာဝန်ရှိ သူတွေက သိမ်းဆည်း သွားတယ်လို့ သိရပါတယ် ။

ဒီဇင်ဘာလ ၂၀ ရက် နေ့ကလည်း ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့မှာ စစ်ကျန်လက်နက် ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကလေးတယောက် သေဆုံးကာ နောက်ထပ် ကလေး နှစ်ယောက် ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

image